A d v e r t i s e m e n t With Us

စပိန်တွင် အလုပ်သမားများ ဆန္ဒပြရန်ပြင်ဆင်၊ ရထားခရီးစဉ်များ ဖျက်သိမ်း

မတ်လ ၈ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကျား၊ မ မညီမျှမှုကို မီးမောင်းထိုးပြနိုင်ရေး အလုပ်သမားတွေ ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့အတွက် စပိန်နိုင်ငံက ရထားခရီးစဉ်တော်တော်များများ ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ မတ် ၈ ရက်နေ့မှာ ရထားအစီး ၃၀၀ ခုတ်မောင်းမှာ မဟုတ်ဘူးလို့ နိုင်ငံရဲ့ ခရီးသွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောလိုက်ပြီး သမဂ္ဂ ၁၀ ခုက တောင်းဆိုထားတဲ့ ၂၄ နာရီကြာ ဆန္ဒပြပွဲ ကျင်းပဖို့ ကိစ္စဟာ အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။ အမျိုးသမီးနဲ့အမျိုးသား တန်းတူအခွင့်အရေး တောင်းဆိုသူအုပ်စုတွေက ဒီနေ့အတွက် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ အိမ်မှုကိစ္စတွေကို မလုပ်ဘဲထားပြီး ငွေလည်းမသုံးဖို့ တောင်းဆိုထားပေမယ့် တချို့တွေကတော့ ဒီဆန္ဒပြတောင်းဆိုမှုကို ဆန့်ကျင်ဖို့ ထွက်လာကြပါတယ်။ အာဏာရ လက်ယာပါတီ the Partido Popular (PP) ပါတီက “ဒီဆန္ဒပြမှုဟာ ရေပေါ်ဆီ အထက်တန်းလွှာက အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေး တောင်းဆိုသူတွေရဲ့ တောင်းဆိုမှုပါ နေ့စဉ်ပြဿနာ ရင်ဆိုင်နေရတဲ့ တကယ့်အမျိုးသမီးတွေ မပါဝင်ဘူး” လို့ ပြောလိုက်ပါတယ်။ စပိန်သမဂ္ဂ ၁၀ ခုက ၂၄ နာရီကြာ ဆန္ဒပြမှုကို တောင်းဆိုချိန် သြဇာအရှိဆုံး သမဂ္ဂ ၂ ခုကလည်း သူတို့ရဲ့အဖွဲ့ဝင်တွေကို အလုပ်လုပ်တာ ၂ နာရီကြာ ရပ်တန့်လိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။ မင်းသမီးနဲ့ မော်ဒယ်ဖြစ်သူ ပန်နီလုပ်ခရုစ်က လူထုအခမ်းအနား တက်ရောက်ဖို့ ဖျက်လိုက်ကာ ဒေသခံတွေရဲ့ ဆန္ဒပြပွဲကို တက်ရောက်မယ်လို့ သိရပြီး စပိန်နိုင်ငံရဲ့ ရှေးရိုးစွဲပါတီက အမျိုးသမီးဝန်ကြီး ၅ ဦးထဲက ၂ ဦးဖြစ်တဲ့ စိုက်ပျိုးရေးဝန်ကြီး အစ္စဘယ်ဂါစီယာတီဂျာရီနာနဲ့ နောက်တဦးက အလုပ်ခွင်မှာ ဝန်ထမ်းတွေ အလုပ်လျှော့ပေါ့လုပ်ပြီး ဆန္ဒပြတာတွေကို ကြည့်ရှုစစ်ဆေးသွားမယ်လို့ ပြောပါတယ်။ လူ ၁၅၀၀ မဲပေးစစ်ဆေးမှုအရ ၈၂ ရာခိုင်နှုန်းက ဆန္ဒပြပွဲကို ထောက်ခံပြီး ၇၆ ရာခိုင်နှုန်းက စပိန်နိုင်ငံက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုမိုပင်ပန်းတဲ့ ဘဝအခြေအနေတွေမှာ နေထိုင်ရတယ်လို့ တွေးထင်နေကြကြောင်း El Pai’s နေ့စဉ်သတင်းစာက ပြောထားပါတယ်။ “အမျိုးသမီးတွေ အကြောင်းအရာတွေ ဘယ်လောက်ရှိရှိ ဘယ်လောက်ပဲ ပြင်ဆင်ထားထား သူတို့ တနေရာရောက်ဖို့ အထက်မှာ မျက်နှာကျက်က ရှိနေတယ်” လို့ မက်ဒရစ်က ဆေးဝါးကျွမ်းကျင်သူ အမျိုးသမီး အယ်ဗီရာဂွန်ဇာလာက ပြောပါတယ်။ စပိန်နိုင်ငံမှာ အစိုးရအလုပ်နဲ့ ကိုယ်ပိုင်လုပ်ငန်း အသီးသီးမှာ အမျိုးသမီးတွေကို သူတို့နဲ့ အဆင့်တူ အမျိုးသားတွေထက် ၁၃ ရာခိုင်နှုန်းနဲ့ ၁၉ ရာခိုင်နှုန်းထက် လျှော့ပေါ့ပြီး လစာပေးတယ်လို့ ဥရောပသမဂ္ဂ ကိန်းဂဏန်းအရ သိရကြောင်း ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up