Home
မေးမြန်းခန်း
“လက်ရှိနိုင်ငံရေးခြေအနေ တွန်းပို့မှုအရ သီးသန့်တွေ့ဆုံတာ” ကေအန်ပီပီနှင့်မေးမြန်းချက်
နော်နိုရင်း
·
March 8, 2018
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တို့ မတ်လ ၇ ရက်က ရန်ကုန်မြို့မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကနေ ဘယ်လိုရလဒ်တွေ ရခဲ့သလဲ၊ အန်စီအေအပစ်ရပ်လက်မှတ်ထိုးဖို့ ဘယ်လောက် နီးစပ်နေပြီလဲ၊  ရှေ့ဆက်လုပ်ဆောင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကေအန်ပီပီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ပြောခွင့်ရသူ နဲနယ်ပလိုးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ ရန်ကုန်မှာ မနေ့က ကေအန်ပီပီနဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့အကြား တွေ့ဆုံမှုမှာ အဓိက ဘာတွေ ဆွေးနွေးခဲ့ကြလဲ။ “အဓိကကတော့ ကျနော်တို့အရင်က ကေအန်ပီပီနဲ့ အစိုးရကြားမှာ ချုပ်ဆိုခဲ့တဲ့ Bilateral agreement သဘောတူညီချက်တွေကို ဆက်လက်ပြီးတော့ ဘယ်လို အကောင်အထည်ဖော်မလဲ၊ အကောင်အထည်ဖော်ထားတဲ့ အရာတွေက အခက်အခဲ ဘာတွေ ရှိလဲ။  ပြီးတော့ ဘာတွေကို အကောင်အထည်မဖော်ရသေးတာလဲ ဆိုတဲ့ အကြောင်းတွေကို ကျနော်တို့ ဆွေးနွေးဖြစ်တယ်။ ပြီးတော့ ကေအန်ပီပီအနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှေ့ဆက်သွားနိုင်ဖို့အတွက် ယူအန်အက်ဖ်စီရဲ့ အဆိုပြုချက် ၈ ချက်ထဲက ပြေလည်မှုမရသေးတဲ့ အချက်တွေကို ဆက်ပြီးတော့ ကျနော်တို့ ဘယ်လိုဆွေးနွေးမလဲဆိုတာ ကျနော်တို့ ပြောခဲ့ကြတယ်။ မနေ့ကတော့ အလွတ်သဘော အစည်းအဝေးလည်း ဖြစ်တယ်။ ကေအန်ပီပီနဲ့ အစိုးရအကြား Bilateral စာချုပ်ချုပ်ဆိုတဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်လည်း ဖြစ်တယ်။ အန်စီအေ စကတည်းက ပထမဆုံးအကြိမ် Bilateral ကိစ္စကို ပြန်ပြောတဲ့အစည်းအဝေးလည်း ဖြစ်တယ်။ အလွတ်သဘောဖြစ်ပေမယ့် ကျနော်တို့က နောက်တကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးရေးပွဲကို လုပ်ဖို့အတွက် ဆွေးနွေးဖြစ်ခဲ့တယ်။ အချိန်တော့ အတိအကျမသိသေးပေမယ့် မူအရကတော့ နှစ်ဖက်စလုံးတော့ သဘောတူကြတာပေါ့နော်။” အပစ်အခတ်ရပ်စဲရေးချုပ်ခဲ့တာ ၆ နှစ်ပြည့်ပြီဆိုတော့ ဒီ ၆ နှစ်အတွင်း ကယားပြည်နယ်မှာ ဘာတွေ တိုးတက်မှုတွေ ရှိခဲ့သလဲ။ ဘယ်လို အခက်အခဲတွေ ရှိခဲ့သလဲ။ “၂၀၁၃ မှာ နောက်ဆုံးအကြိမ် ပြည်ထောင်စုအဆင့် စာချုပ်ချုပ်ဆိုခဲ့တာပေါ့နော်။ Local monitoring အကြောင်းတွေ၊ ဒီဒေသဖွံ့ဖြိုးရေးကိစ္စတွေ အဲဒါတွေ လုပ်ဖို့ရှိတယ်ဆိုတော့ အဲဒါ တရားဝင်တွေ့ဆုံမှု နောက်ဆုံးတကြိမ်လောက်ပဲ။ ဒီနောက်ပိုင်း အန်စီအေဖြစ်စဉ်တွေ စလာတော့ ဒီ Bilateral တွေ့ဆုံမှုတွေဟာ မရှိတော့ဘူး။ အကောင်အထည်ဖော်ရမယ့် ကိစ္စတွေရော၊ အကောင်အထည်ဖော်သွားတာတွေ ရှိတယ်။ အကောင်အထည်ဖော်လို့ မရသေးတဲ့ ကိစ္စတွေလည်း ရှိတယ်။ ညှိနှိုင်းနေဆဲကိစ္စတွေလည်း ရှိတယ်။” ဒီအပစ်အခတ်ရပ်စဲပြိးတဲ့ ၆နှစ်အတွင်း ကယားပြည်နယ်အတွင်းမှာ ဘာတွေတိုးတက်မှုတွေရှိလဲ။ “ရှင်းရှင်းလင်းလင်း ပြောဖို့ကတော့ မလွယ်ဘူးပေါ့နော်။ ဒါပေမယ့် ပြည်သူလူထုတွေကတော့ တစုံတရာ အတိုင်းအတာတခုအထိတော့ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ရှိတယ်။ ထုတ်ဖော်ပြောဆိုခွင့်တွေလည်း ပိုပြီးတော့ရှိလာတာပေါ့နော်။ ဒါပေမယ့် ဒီတရားဥပဒေစိုးမိုးမှုအပိုင်းတို့၊ လူထုတွေ အားလုံးအတွက် လုံခြုံမှုအပိုင်းတို့၊ အဲလိုကိစ္စမျိုးတွေကျတော့ စိုးရိမ်မှုတွေက ရှိနေသေးတာပေါ့နော်။ စိန်ခေါ်မှုတွေတော့ ရှိသေးတယ်။” ပြီးခဲ့နှစ် ဒီဇင်ဘာလမှာ ပါလောင်းနဲ့ ဒေါတခြားကျေးရွာကြားမှာရှိတဲ့ ကေအန်ပီပီစခန်း ဝင်ရောက်ပစ်ခတ်ခံခဲ့ရပြီး တပ်သား ၄ ဦး သေဆုံးခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးတော့ မနေ့က တွေ့ဆုံပွဲမှာ ထည့်သွင်းဆွေးနွေးတာရှိလား။ “ ဟုတ်ကဲ့ နည်းနည်းပါးပါးပြောဖြစ်ခဲ့တယ်။ ဒီဟာကလည်း ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်သွားမယ့်လမ်းစဉ်နဲ့ နှီးနွှယ်တာတွေ ကျနော်တို့ ပြောဖြစ်ခဲ့တယ်။ ဒါပေမယ့် အသေးစိတ်တော့ ကျနော်တို့ မပြောဘူး။  အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အသေးစိတ် ဆက်လက်ညှိနှိုင်းသွားဖို့ ကျနော်တို့ ကေအန်ပီပီက ကော်မီတီတခုဖွဲ့ထားတယ်။ အဲဒီကော်မတီကနေ အစိုးရနဲ့ ညှိနှိုင်းပြီးတော့မှ လုပ်နေပါတယ်။ ” နောက်တခုက ဒီကေအန်ပီပီအနေနဲ့ အန်စီအေလမ်းကြောင်းအတိုင်း သွားမယ်လို့ ပြောထားတယ်။ အခုလောလောဆယ် အန်စီအေ လက်မှတ်မထိုးသေးဘူး။ ဆိုတော့ ဘယ်လို အချက်မျိုးတွေရမှ အန်စီအေ လက်မှတ်ထိုးဖို့ရှိလဲ။ “ ဘယ်လိုအချက်မျိုးလဲ အတိအကျတော့ အခု ကျနော် ပြောလို့မရသေးဘူး။ ဒါပေမယ့် ဒီတွေ့ဆုံဆွေးနွေးပွဲတော့ ကျနော်တို့ ပုံမှန်လုပ်သွားမယ်။ အလွတ်သဘောဖြစ်စေ၊ တရားဝင်ဖြစ်စေ ဒီလိုတွေ့ဆုံဆွေးနွေးရာကနေ ရလဒ်ကောင်းတွေ ထွက်လာတယ်။ ပြေလည်မှုတွေ ရတယ်ဆိုရင်တော့ ကျနော်တို့က အန်စီအေ လက်မှတ်ရေးထိုးနိုင်မှာ ဖြစ်တာပါ။ ” ယူအန်အက်ဖ်စီဖက်က အဆိုပြုထားတဲ့ အချက် ၈ ချက်ထဲက အဓိက ဘယ်လိုအချက်တွေကို ကေအန်ပီပီဘက်က အဆိုပြုတာတွေရှိလဲ။ “ပြေလည်မှုမရသေးတာကတော့ အမှတ် ၅ ပေါ့နော်။ အဲဒါကတော့ တပ်ပိုင်းရေးရာ ကိစ္စတွေမှာ ကျနော်တို့ ဆက်လက်ဆွေးနွေးဖို့ အကြောင်းအရာတွေ ရှိတယ်။ ကေအန်ပီပီက အဲဒီအပိုင်းပဲ ဆက်သွားဖို့ အစီစဉ်ရှိတယ်။ ပြီးတော့ နိုင်ငံရေးအပိုင်း အချက်နှစ်ချက်တို့လို ကိစ္စမှာပါတဲ့ အချက်တွေပေါ့။ အချက် ၈ မှာပါတဲ့ အကြီးစားစီမံကိန်းလုပ်ငန်းတို့၊  ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေပေါ့နော်။ အဲဒီအပိုင်းမှာ ဆက်ပြီးတော့ နည်းနည်းလေး ညှိရမယ့် အပိုင်းရှိတယ်။ အဲဒါတွေကို ဆက်ညှိဖို့ အစီအစဉ်ရှိပါတယ်။ ” ကေအန်ပီပီဘက်က တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို လိုလားတယ်။ တရားဝင်တွေ့ဆုံဆွေးနွေးဖို့ ဘယ်လိုမျိုး လုပ်ဆောင်တာရှိလဲ။ “တရားဝင်တွေ့ဆုံဆွေးနွေးမှုက အခုန ပြောခဲ့သလိုပဲ မနေ့ကတော့ နှစ်ဖက် သဘောတူညီကြပြီ။ ကျနော်တို့ကတော့ လွိုင်ကော်မြို့ ကရင်နီပြည်နယ်မှာ လုပ်ချင်တယ်။ အဲဒါဖြစ်နိုင်ဖို့အတွက် ကျနော်တို့က ဆက်ပြီးတော့ နှစ်ဖက်ညှိနှိုင်းပြီးတော့မှ အစီအစဉ်နဲ့ နေ့ရက်ရွေးဖို့ လိုပါသေးတယ်။ ” အကြမ်းဖြင့် ဘယ်လပိုင်းမှာလုပ်ဖို့ သတ်မှတ်ထားတာရှိလား။ “အကြမ်းဖြင့်ကတော့ ကျနော်တို့ ဧပြီလလောက်မှာ ဖြစ်နိုင်တယ်။ ” ဧပြီလကုန်မေလဆန်းမှာ တတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပင်လုံညီလာခံကို ကျင်းပဖို့ရှိတယ်။ ဒီညီလာခံကို ကေအန်ပီပီအနေနဲ့ တက်ရောက်ဖို့ရှိလား။ “အဲဒါက တရားဝင် တွေ့ဆုံဆွေးနွေးမှုအပေါ် မူတည်တာပေါ့နော်။ ဒီတွေ့ဆုံဆွေးနွေးပွဲကနေ ကျနော်တို့က ရလဒ်ကောင်းတွေ ရလာတယ်။ ပြေလည်မှုတွေရှိတယ်ဆိုရင်တော့ ကေအန်ပီပီ အနေနဲ့တက်ခွင့်ရမယ်၊ တက်နိုင်တယ်ဆိုလို့ရှိရင်တော့ တက်ဖို့ဆန္ဒရှိပါတယ်။ ” ဒါဆိုတရားဝင်တွေ့ဆုံပွဲကို ဧပြီလဆန်းလောက်မှာ လုပ်ဖို့ရှိတာပေါ့နော်။ “မပြောတတ်သေးဘူး။ အခုလောလောဆယ် ကျနော်တို့ဘက်က စဉ်းစားတာပေါ့။ ဧပြီလလောက်မှာ ဖြစ်နိုင်ရင် ပိုကောင်းမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မတ်လက ကျနော်တို့အတွက် အချိန်အရမ်းကျပ်တယ်။ မတ်လက မဖြစ်နိုင်ဘူး။ တရားဝင်ဆွေးနွေးပွဲကို ကျနော်တို့ဘက်က ဖြစ်ချင်တာကတော့ တတိယပင်လုံမတိုင်ခင်ပေါ့နော်။ အချိန်အရပေါ့။ ကျနော်တို့ ညှိနှိုင်းမှုအပေါ် မူတည်တာပေါ့နော်။ ” နောက်တခုက မနေ့က တွေ့ဆုံပွဲမှာ ကေအန်ပီပီနဲ့ သီးသန့်တဖွဲ့ချင်း တွေ့ဆုံတာပေါ့နော်။ အရင်က ယူအန်အက်စီအနေနဲ့က အစိုးရနဲ့တွေ့ဆုံမယ်ဆိုရင် တဖွဲ့ချင်းစီ မတွေ့ဘဲ ယူအန်အက်ဖ်စီ တပ်ပေါင်းစုအနေနဲ့သာ တွေ့ဆုံဖို့ဆိုပြီး ထုတ်ပြန်ထားတာရှိတယ်။ အခုက ယူအန်အက်ဖ်စီအနေနဲ့ မဟုတ်ဘဲ တဖွဲ့ချင်း သီးသန့်တွေ့ဆုံရတာ အဓိက ဘာကြောင့်လဲ။ “ ကျနော်တို့ လက်ရှိနိုင်ငံရေးအခြေအနေရဲ့ တွန်းပို့မှုအရ ကျနော်တို့က ဒီလိုတဖွဲ့ချင်းစီ တွေ့ဖို့ အခြေအနေတွေ ရောက်သွားတာပါ။ အစုလိုက်၊ အဖွဲ့လိုက်နဲ့တော့ ပိုတွေ့ချင်တာပေါ့နော်။ ထိရောက်မှုရှိတယ်လို့မြင်တယ်။ အားလုံးအတွက်လည်း အကျိုးရှိတယ်လို့ မြင်တယ်။ ဒါပေမယ့် အခြေအနေ တွန်းပို့မှုအရ ကျနော်တို့က အခုလို တဖွဲ့ချင်းစီ သွားလိုက်ရတာဖြစ်တယ်။ ဒါပေမယ့် ယူအန်အက်ဖ်စီကတော့ ရှိမြဲတိုင်းပဲ ရှိနေမယ်။  အဲလိုရှိတဲ့အပြင် ကျနော်တို့ အဖွဲ့ဝင်သစ်တွေလည်း တိုးချဲ့ဖို့ ရှိပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024