Live
Home
ဆောင်းပါး
အားကြီးသူများ ငြိမ်းချမ်းရေး လူရာဝင်နေဆဲလား
DVB
·
March 8, 2018
မြန်မာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက အင်တိုက်အားတိုက် အစပြု ပြုလုပ်ခဲ့ပြီး ယနေ့ ဒီမိုကရေစီအစိုးရ လက်ထက်တွင်လည်း ဆက်လက်လုပ်ဆောင်နေဆဲ ဆိုသည်ကို တွေ့နေရသည်။ သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည်လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများသည်လည်းကောင်း ဆွေးနွေးပွဲများ၊ ငြင်းခုံမှုများ၊ သဘောထားကွဲလွဲမှုများ၊ အပေးအယူ အလျှော့အတင်း ပြုလုပ်မှုများတွင် ဟိုဘက် ဒီဘက် တဖက်ကိုတဖက် အလျှော့ပေး၍မရသော အခြေအနေများကို တွေ့လာရပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာလည်း အချိန်ကုန်သည်နှင့် မကာမိအာင် အရာမထင်ခဲ့ဟု သုံးသပ်မှုများလည်း ရှိခဲ့သည်။ လက်မှတ်ရေးထိုးပြီးသား ငြိမ်းချမ်းရေးအဖွဲ့များနှင့်လည်း မကြာမကြာ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။ သို့သော် ယခုလအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးသည့်အဖွဲ့ ၂ ဖွဲ့တော့ တိုးလာခဲ့သည်။ သို့ဆိုလျှင် NCA လက်မှတ်ရေးထိုးသောအဖွဲ့ ၁၀ ဖွဲ့ ဖြစ်လာသည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတော့ နေပြည်တော်ရှိ Kempinski Hotel တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ NCA လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသို့ ၁၀ ဖွဲ့ ဖြစ်လာသော်လည်း တဖက်တွင် လက်မှတ်ထိုးခါနီးဆဲဆဲမှာ ကျန်ရစ်ခဲ့သောအဖွဲ့ကလည်း ရှိနေပြန်သည်။ လက်မှတ်ထိုးပြီးသား အဖွဲ့များတွင်လည်း ခွဲခြားဆက်ဆံရမှုများ ရှိသည်ဟုလည်း ဝေဖန်သံများ ရှိခဲ့သည်။ ယင်းအခြေအနေများသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်မည့်သူများအတွက် ယုံကြည်မှုတည်ဆောက်ရာတွင် အရေးတကြီး စဉ်းစားစရာများလည်း ဖြစ်နေသည်။ ယခုအချိန်ထိလည်း မြောက်ပိုင်းအဖွဲ့များနှင့် တိုက်ပွဲများက ရပ်တန့်မှုများ မရှိသေး။ မြောက်ပိုင်းအဖွဲ့များနှင့် လက်မှတ်ထိုးဖြစ်အောင်အတွက်လည်း တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်ထံတွင် တခြား ငြိမ်းချမ်းရေးယူပြီးသား အဖွဲ့များက တောင်းဆိုနေရသည်။ မြန်မာ့ငြိမ်းချမ်းရေးအတွက် အစိုးရ၊ တပ်မတော်အပြင် တရုတ်၏ အခန်းကဏ္ဍကလည်း ပါဝင်လာပြန်သည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းဝင်များ ဖြစ်သော ရခိုင်အမျိုးသားကောင်စီ (ANC) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ကို NCA လက်မှတ်ရေးထိုးရန် အစိုးရက ခွင့်ပြုခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ်တွင် လက်မှတ်ရေးထိုးရန် အကြောင်းကြားခဲ့သော်လည်း ယင်းနေ့ ညနေ ၈ နာရီခွဲတွင် လက်မှတ်ရေးထိုးပွဲသို့ မလာနိုင်တော့ကြောင်း အကြောင်းပြန်ခဲ့ကြောင်း သိရသည်။ နောက်တနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင်တော့ ရခိုင်အမျိုးသားကောင်စီ (ANC) က သတင်းထုတ်ပြန်ခဲ့ရာတွင် “တန်းတူရေးအခြေခံအားဖြင့် အားလုံးလိုက်ပါနိုင်သော အခင်းအကျင်း မရှိခြင်းတို့ကြောင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပမည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်နိုင်ခြင်း မရှိပါကြောင်း ပြည်သူလူထုနှင့် မဟာမိတ်များကို အသိပေးအပ်ပါသည်” ဟု ဖော်ပြခဲ့သည်ကို တွေ့ရသည်။ အစိုးရဘက်က ပြောသည်ကတော့ ရှင်းပါသည်။ တိုက်ပွဲဖော်ဆောင်မှု မရှိခဲ့သောကြောင့် NCA ထိုးလျှင်တောင်မှ တန်းတူအခွင့်အရေးက တခြား တိုက်ပွဲဖော်ဆောင်ခဲ့သော အဖွဲ့အစည်းများလို မရနိုင်ဘူးဟု ဆိုသည်။ ယင်းသို့သော အဖွဲ့များအတွက် အစိုးရက လုပ်ဆောင်ပေးမည်မှာ မတရားအသင်းက ပယ်ဖျက်ပေးခြင်း၊ လုံခြုံမှု တာဝန်ယူပေးခြင်းမျိုးကိုသာ လုပ်ပေးနိုင်မည်ဟု ဆိုသည်။ တခြားသော တိုင်းရင်းသား လက်နက်ကိုင်များကတော့ ANC မလာရောက်တော့ခြင်း အကြောင်းရင်းမှာ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရန် အရေးပါသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပါဝင်ခွင့်ရှိသော်လည်း JMC နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JIMC) တွင် ပါဝင်ခွင့်မရသဖြင့် မလာကြခြင်း ဖြစ်သည်ဟု ဆိုသည်။ တဖက်တွင်လည်း လက်မှတ်ရေးထိုးပြီးသား အဖွဲ့ထဲမှာတောင် ကရင်အမျိုးအသားအစည်းအရုံး ရရှိသော အခွင့်အရေးနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့၏ အခွင့်အရေးချင်း မတူညီပေ။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံခွင့်၊ ယူနီဖောင်းဝတ်ခွင့်များမှာ တားဆီးကန့်သတ်ခံနေရဆဲပင် ဖြစ်သည်။ ယင်းသို့သော အားကြီးသောအဖွဲ့များနှင့် အင်အားနည်းသော အဖွဲ့များဆိုပြီး ခွဲခြားဆက်ဆံနေမှုများသည်လည်း မြန်မာ့ငြိမ်းချမ်းရေး၏ အငြင်းပွားစရာ ကိစ္စရပ်များ ဖြစ်နေသည်။ ဖေဖော်ဝါရီ ၁၃ ရက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပွဲအပြီး လုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးက ညွှန်ကြားရေးမှူးလည်းဖြစ်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ချုပ်တဦးလည်းဖြစ်တဲ့ ဦးဇော်ဌေးကတော့ “တပ်ပိုင်းဆိုင်ရာ ကိစ္စဆိုရင် ANC မှာ တပ်တောင်မရှိဘူး’’ လို့ ပြောသွားသည်ကို တွေ့ရသည်။ Myanmar Peace Mornitor စစ်တမ်းတွင်တော့ ANC ကို ၂၀၁၀ က ဖွဲ့စည်းခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်တွင် လှုပ်ရှားကာ လက်နက်ကိုင် ၁၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသည်။ မည်သို့ဆိုစေ အားကြီးသူများသာ လူရာဝင်မည့် ငြိမ်းချမ်းရေးဆိုလျှင်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုသည်မှာ အငြင်းပွားမှုများ မဆုံးနိုင်သေးသည့် အခြေအနေမှာ ရှိနေကြောင်း သုံးသပ်မိသည်။ ကျော်လင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024