Homeမြန်မာသတင်း
အမေရိကန်က မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်မှု ဆိုင်းငံ့ခြင်းကို ပြည်ပအင်အားစုများ စိုးရိမ်
အမေရိကန်က မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်မှု ဆိုင်းငံ့ခြင်းကို ပြည်ပအင်အားစုများ စိုးရိမ်
DVB
·
May 22, 2012
အမေရိကန်က မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့လိုက်တာဟာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မညီသေးဘဲ ဖြေလျော့ချက်ဖြစ်တယ်လို့ ပြည်ပအခြေစိုက်အင်အားစုတွေ ပူးတွဲ ကြေညာလိုက်ပါတယ်။
အမျိုးသမီးအဖွဲ့တွေ၊ ဒီမိုကရေစီနဲ့ တိုင်းရင်းသားလူငယ်အင်အားစုတွေ၊ ကျောင်းသားလူငယ်အဖွဲ့တွေ စုပေါင်းပြီး ဒီနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ဆက်ရှိနေတဲ့ကိစ္စတွေ ကရင်နဲ့ ရှမ်းပြည်နယ်မှာ မြေယာသိမ်းဆည်းမှု၊ အဓ္ဓမခိုင်းစေမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေသလို ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လူပေါင်း ၇ သောင်းလောက် ရွှေ့ပြောင်းနေရတာကိုလည်း ထောက်ပြထားပါတယ်။
နိုင်ငံတကာက ဦးသိန်းစိန်ကို ချီးကျူး ထောပနာပြုနေတဲ့ အချိန်မှာ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားတာကို စိုးရိမ်မိတဲ့ အကြောင်းလည်း ပါရှိပါတယ်။
ဒီကြေညာချက် ထုတ်ပြန်ရတာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ကျောင်းသား လူငယ် ကွန်ဂရက်က ကိုနော်ဆန်းက အခုလို ပြောပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေက တိုးတက်မှုမရှိသေးတဲ့အပေါ်မှာ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာပဲဖြစ်ဖြစ်၊ ဆိုင်းငံ့လိုက်တာပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ အများကြီးစဉ်းစားစရာရှိတယ်။ အကျိုးအကြောင်းနဲ့ သိပ်မဆီလျော်လှဘူးလို့ မြင်တယ်ပေါ့။”
ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ခြွင်းချက်မရှိ လွှတ်ပေးပြီးတော့ နိုင်ငံရေးနဲ့ အရပ်ဘက် လွတ်လပ်ခွင့်တွေ ပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ လက်ရှိဖြစ်ပွားနေတဲ့ မတော်မတရားတာတွေကို ရပ်တန့်ပြီး နိုင်ငံတဝန်းလုံး အပစ်အခတ်ရပ်ရေးကို လုပ်ဆောင်ပြီးမှ ရှေ့ဆက်ဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့အကြောင်း ဒီကြေညာချက်က တိုက်တွန်းထားပါတယ်။
နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ တိုင်းရင်းသား အုပ်စုတွေ အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ ဆွေးနွေးမှုတွေစတင်ဖို့နဲ့ အရင်နဲ့ အခု လုပ်ခဲ့တဲ့ လူ့အခွင့်အရေး မတော်မတရား လုပ်ဆောင်တာတွေအတွက် တရားမျှတ တာဝန်ယူမှုတွေကို လုပ်ဆောင်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
မေ ၂၀ ရက်နေ့က အမေရိကန်က မြန်မာပြည်ပေါ်မှာ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေအားလုံး ဆိုင်းငံ့ပေးလိုက်တာပါ။