A d v e r t i s e m e n t With Us

ဗန်းမော်-လွယ်ဂျယ် ကားလမ်းတွင် ဘုရားဖူးယာဉ် ချောက်ထဲထိုးကျ၊ ၅ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့အနီး ဗန်းမော်-လွယ်ဂျယ်ကားလမ်းမှာ မတ်လ ၇ ရက် ညနေ ၄ နာရီအချိန်က ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၅ ဦး သေဆုံးခဲ့တယ်လို့ လွယ်ဂျယ်နယ်မြေ ရဲစခန်းကတာဝန်ရှိသူတဦးက ပြောပါတယ်။ မတ်လ ၇ ရက် ညနေ ၄ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ဇလုံတောင်နဲ့ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဘုရားဖူးအပြန် ခရီးသည် ၁၅ ဦး လိုက်ပါလာပြီး ယာဉ်မောင်း ဖြိုးမောင်မောင် မောင်းနှင်လာတဲ့ ရွှေလွန်းပျံ မော်တော်ယာဉ်လိုင်းမှ မှန်လုံယာဉ်ဟာ မိုးမောက်မြို့နယ် ယောရုံကျေးရွာနဲ့ ဝိန်ခမ်းကျေးရွာအကြား မိုင်တိုင်အမှတ် (၃၈) အနီး တောင်ဆင်းမှာ အနက်ပေ ၂၀၀ လောက်ရှိ ချောက်ထဲ အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် မူဆယ်မြို့နေ ဒေါ်သိန်းလှ၊ ဒေါ်အေးမြ၊ ဒေါ်နန်းထွမ်းဆာ၊ ဒေါ်တင်နဲ့ ဒေါ်ဟန်တို့ ၅ ဦး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ လွယ်ဂျယ်နယ်မြေရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ ကျန်ဒဏ်ရာရရှိသူတွေကို  ဆေးကုသမှုခံယူဖို့ လွယ်ဂျယ်ဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ဖြိုးမောင်မောင်ကို လွယ်ဂျယ်နယ်မြေရဲစခန်းက အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)

A d v e r t i s e m e n t With Us

More News
Up