သစ်ချောက် ကျောက်မီးသွေးမိုင်းတွင် သေဆုံးခဲ့သည့် တရုတ်အမျိုးသားအလောင်းကို မီးသင်္ဂြိုဟ်
DVB
·
March 8, 2018
ကလေးဝမြို့နယ် သစ်ချောက် ကျောက်မီးသွေးမိုင်းအတွင်း အောက်စီဂျင် ပြတ်တောက်မှုကြောင့် Yu Chin Gyou ဆိုတဲ့ တရုတ်နိုင်ငံသားတဦး သေဆုံးခဲ့ပြီး အဲဒီ တရုတ်နိုင်ငံသားရဲ့ ရုပ်အလောင်းကို သေဆုံးပြီး ၇ ရက်မြောက်နေ့ မတ်လ ၈ ရက်နေ့မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
"ရုပ်အလောင်းကို ကျနော်တို့ ဆေးရုံရင်ခွဲတိုက်မှာ ထားတယ်။ တရုတ်ပြည်က သူတို့ မိသားစုကို စောင့်တယ်။ သေဆုံးသူရဲ့ သားနဲ့ သမီး လိုက်လာတယ်။ ခု ဒီနေ့မနက်ပိုင်းမှာ မီးသင်္ဂြိုဟ်ပေးပါတယ်" လို့ ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က ပြောပါတယ်။
တရုတ်နိုင်ငံသား Yu Chin Gyou ဟာ မတ်လ ၁ ရက်နေ့က ကလေးဝမြို့နယ် သစ်ချောက် ကျောက်မီးသွေးတွင်းမှာ လုပ်ငန်းခွင်ဝင်စဉ် အောက်စီဂျင်ပြတ်တောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
"ဒီနေ့ သင်္ဂြိုဟ်ပြီး ညနေ အရိုးကောက်မယ်။ ပြီးရင် မနက်ဖြန် မန္တလေးကို သယ်မယ်။ မန္တလေးကနေမှ တရုတ်ပြည်ကို သယ်ဆောင်ဖို့ စီစဉ်သွားမှာ ဖြစ်တယ်”လို့လည်း ရဲမှူးဝင်းနိုင်က ဆိုပါတယ်။
တရုတ်နိုင်ငံသား သေဆုံးခဲ့တဲ့ မိုင်းတွင်းဟာ ရပ်နားထားတာ ၁ လကျော်ကြာနေပြီး မတ်လ ၁ ရက်နေ့က လုပ်ငန်းစတင်ရာကနေ မိုင်းတွင်း မူးဝေဒဏ်ခံစားကာ သေဆုံးခဲ့ပြီး သူနဲ့အတူ မြန်မာလုပ်သား ၆ ဦးပါ ပါဝင်ခဲ့ပေမယ့် အသက်အန္တရာယ်မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်