ကိုကာကိုလာကုမ္ပဏီက အရက်ရာခိုင်နှုန်းပါ အချိုရည် ထုတ်လုပ်ရန် စီစဉ်

ဓာတ်ပုံ - AFP/Getty Images
ကိုကာကိုလာကုမ္ပဏီက သူ့ကုမ္ပဏီရဲ့ သက်တမ်း ၁၂၅ နှစ်အတွင်း အရက်ရာခိုင်နှုန်းပါဝင်တဲ့ အချိုရည်တမျိုးကို ပထမဦးဆုံး ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီအချိုရည်ဟာ ဂျပန်နိုင်ငံမှာ ထုတ်လုပ်ရောင်းချနေတဲ့ အယ်လ်ကိုပေါ့ခေါ် အဖျော်ယမကာပုံစံ အရက်ပါ အချိုရည်ပုံစံမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်ဒေသခံတွေက ရှိုချူလို့ခေါ်တဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုရစေတဲ့ ချုဟိုင်းခေါ် စပါကလင်အရသာ သံဘူးဟာ ဂျပန်နိုင်ငံအတွင်း သောက်သုံးသူ မြင့်မားလာလို့ ကုမ္ပဏီက ဒီလို အရက်ပါ အချိုရည်ကို ရောင်းချဖို့ စိတ်အားထက်သန်နေတာပါ။ ဒီလို အချိုရည်ထုတ်လုပ်မှုမှာ ပုံမှန် အရက်ရာခိုင်နှုန်း ၃ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ပါရှိပြီး ဂျပန်နိုင်ငံမှာရှိတဲ့ Coke ကုမ္ပဏီရဲ့ အကြီးတန်း ဗဟိုကော်မတီဝင်တဦးက “ဒီအရွေ့ဟာ ကျနော်တို့ ဈေးကွက်ရဲ့ သီးခြားဖြစ်တဲ့ အပိုင်းလေးအတွက် စမ်းသပ်မှုတခုပါ” လို့ ပြောပါတယ်။ “အရင်တုန်းကတော့ ကျနော်တို့ အရက်ရာခိုင်နှုန်း နည်းနည်းပါတဲ့ အချိုရည်ကို မစမ်းသပ်ဖူးသေးဘူး။ ဒါပေမယ့် ဒီထုတ်လုပ်မှုက ကျနော်တို့ အဓိကနေရာရဲ့ အပြင်ဘက်မှာ အခွင့်အလမ်းတွေကို ရှာဖွေဖို့ ဘယ်လိုပုံစံမျိုးနဲ့ ဆက်လုပ်မလဲဆိုတာရဲ့ ဥပမာတခုပါပဲ” လို့ ဂျပန်နိုင်ငံ ကိုကာကိုလာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဂျော့ခ်ျဂါဒူနိုက ပြောလိုက်တာပါ။ ဒီအချိုရည်အသစ်ကို ဂျပန်နိုင်ငံရဲ့ အပြင်ဘက်မှာ ရောင်းချဖို့တော့ မရှိသေးဘူးလို့  ဂျပန်ကုမ္ပဏီခွဲရဲ့ ဥက္ကဋ္ဌက ယူဆနေပါတယ်။ ရှိုချုဆိုတဲ့ သောက်စရာက ဘီယာကို အစားထိုးဖို့ ရောင်းချခဲ့တာဖြစ်ပြီး အထူးသဖြင့် အမျိုးသမီး အသောက်သမားတွေကြားထဲမှာ အကြိုက်များတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံရဲ့ ကီရင်၊ ဆန်တိုရီနဲ့ အဆာဟိတို့လို အဖျော်ယမကာ ကုမ္ပဏီကြီးတွေက အမျိုးမျိုးသော အချိုရည်တွေကို ထုတ်လုပ်ခဲ့ပြီး အရသာအသစ်တွေနဲ့လည်း ဆက်လက် စမ်းသပ်ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ သောက်စရာတွေနဲ့ပတ်သက်လို့ ကျန်းမာရေးအသိ ရှိလာတာကြောင့် ကိုကာကိုလာကုမ္ပဏီက အပြောင်းအလဲတွေ လုပ်ခဲ့ပြီး ကုမ္ပဏီအနေနဲ့ အရွယ်ရောက်ပြီးသူတွေ သောက်မယ့် အဖျော်ယမကာအဖြစ် အရက်ရာခိုင်နှုန်းပါ အချိုရည်ကို ထုတ်လုပ်လာနိုင်တယ်လို့ ဝဲလ်စ်ဖာဂို (Wells Fargo) ကုမ္ပဏီရဲ့ လေ့လာဆန်းစစ်သူ ဘွန်နီ ဟာဇော့ဂ် (Bonnie Herzog) က ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ခန့်မှန်းခဲ့ပါတယ်။ အယ်လ်ကိုပေါ့လို့ခေါ်တဲ့ သောက်စရာက အချိုအရသာ၊ ဒါပေမယ့် အရက်ပါအချိုရည်အဖြစ် Hooch၊ Reef၊ Smirnoff စတဲ့ တံဆိပ်တွေဟာ ၁၉၉၀ ခုနှစ်တွေတုန်းက ယူကေနိုင်ငံထုတ် အချိုရည်တွေအဖြစ် အကြီးအကျယ် လူကြိုက်များခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဒီအရက်ပါ အချိုရည်တွေက ဝယ်ယူဖို့ အရမ်းလွယ်ကူလို့ လူငယ်တွေကို အရက်တွေ အများကြီးသောက်မိဖို့ တွန်းအားပေးနေတယ်ဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်လာသလို အငြင်းပွားဖွယ်ရာလည်း ဖြစ်နေတယ်လို့ ဘီဘီစီသတင်းမှာ မတ်လ ၇ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up