တရုတ်အစိုးရက ၂၀၁၈ ခုနှစ်အတွက် အခွန် ယွမ်ငွေ ဘီလီယံ ၈၀၀ ကျော် လျှော့ချမည်

ဓာတ်ပုံ - ရိုက်တာ
တရုတ်အစိုးရဟာ ၂၀၁၈ ခုနှစ်အတွက် အခွန်တွေကို တရုတ်ယွမ်ငွေ ဘီလီယံ ၈၀၀ ကျော် လျှော့ချမယ်လို့ တရုတ်ဘဏ္ဍာရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ကွန်ဂရက်စ်ရဲ့ ပထမအကြိမ် အစည်းအဝေးအတွက် သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။ ယွမ်ငွေ ဘီလီယံ ၃၀၀ ကျော်ဖိုး အခွန်လွတ်ဈေးကွက်ကို ဖန်တီးမယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီး ရှောင်ကျေက တရုတ်မြို့တော် ဘေကျင်းမှာ မတ်လ ၇ ရက်နေ့က ပြောပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ တန်ဖိုးမြှင့်ခွန် ကဏ္ဍ ၃ ရပ်ကနေ ၂ ရပ်အဖြစ် လျှော့ချပြီး ပြည့်စုံကောင်းမွန်တဲ့ တန်ဖိုးမြှင့်ခွန်စနစ်ကို ဆက်လက်ပြုပြင် ပြောင်းလဲသွားမယ်၊ နှုန်းထားတွေကို သင့်တော်အောင် ချိန်ညှိမယ်၊ သယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် အခွန်နှုန်း လျှော့ချမယ်၊ တကယ့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ဖို့ ရည်ရွယ်တယ်လို့ သူက ပြောပါတယ်။ လူတယောက်ချင်းစီရဲ့ ဝင်ငွေခွန်ကိုလည်း အခြေခံ အခွန်ကင်းလွတ်ခွင့်နှုန်းကို မြှင့်တင်ပြီး ပြုပြင်ပြောင်းလဲပေးမယ်၊ အထူး အပိုလျှော့ပေါ့ခွင့်ကို တိုးပေးမယ်၊ အသေးစား စီးပွားရေးလုပ်ငန်းတွေကိုလည်း နှစ်စဉ် အရောင်းပြန်ရငွေပေါ် ကောက်တဲ့ အခွန်ကို တသမတ်တည်းဖြစ်အောင်လုပ်မယ်၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အထောက်အပံ့တိုးမယ်၊ အခွန်လျှော့ပြီး ရင်းနှီးမြှပ်နှံမှုတိုးအောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စဉ်းစားမယ်လို့ သူက ပြောပါတယ်။ အစိုးရက စီမံခန့်ခွဲတဲ့ ရန်ပုံငွေတွေ၊ အုပ်ချုပ်မှု ကုန်ကျစရိတ်တွေနဲ့ စီးပွားရေးလုပ်ဆောင်ခ အခကြေးငွေတွေကို အလုံးစုံ ပြုပြင်ပြောင်းလဲပြီး စံချိန်စံညွှန်းသတ်မှတ်မယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။ မတ်လ ၅ ရက်နေ့ထုတ် အစိုးရရဲ့ လုပ်ဆောင်ချက်ဆိုင်ရာ ၂၀၁၈ အစီရင်ခံစာထဲမှာ တရုတ်ဟာ အခွန်လွတ် စီးပွားရေးလုပ်ငန်းတွေနဲ့ အခွန်လျှော့ပေးမယ့် လုပ်ငန်းစဉ်တွေကို ဆက်ပြီးလုပ်သွားမယ်လို့ အသားပေး ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up