ဒီကေဘီအေ ထိန်းချုပ်နယ်မြေကို မူးယစ်ဆေးဝါးကင်းရှင်းရေး နယ်မြေအဖြစ်သတ်မှတ်
နော်နိုရင်း
·
May 22, 2012
ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို) အခြေစိုက်နယ်မြေများကို မူးယစ်ဆေးဝါးကင်းရှင်းရေး နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ သုံးစွဲမှုရှိရင် အရေးယူမယ် လို့ ပြောဆိုလိုက်ပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီခရိုင်အတွင်းမှာရှိတဲ့ ဒီကေဘီအေ ထိန်းချုပ်နယ်မြေက ရွာပေါင်း ၄၀ ကျော်မှာ မူးယစ်ဆေးဝါးကင်းရှင်းရေး ထုတ်ပြန်လိုက်တာဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုရှိရင် တိုင်ကြားဖို့လည်း ကြေညာလိုက်ပါတယ်။
ကေကေအို အတွင်းရေးမှူး စောဂုဏ်အောင်က “ကျေးရွာလူကြီးတွေကို ခေါ်ပြီးတော့ ကလိုထူးဘောတပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ မူးယစ်ဆေးဝါး၊ စိုက်ပျိုး၊ ရောင်းဝယ်၊ ထုတ်လုပ်တာ၊ သယ်ယူပို့ဆောင်တာ၊ အဲဒီဟာတွေ မလုပ်ဖို့ ပြည်သူလူထုကို ပြန်သတိပေးဖို့အတွက် အစည်းအဝေးတခုကို ၂၀ ရက်နေ့က လုပ်ခဲ့တာပါ။ အဲဒီအစည်းအဝေး အပြီးမှာ ဆိုင်းဘုတ်၊ ပိုစတာတွေလည်း ကပ်မှာပါ။ မူးယစ်ဆေးဝါး သယ်ဆောင်တာ၊ ရောင်းဝယ်ဖောက်ကားတာကို သတင်းပေးတိုင်ကြားဖို့ ဖြစ်ပါတယ်။ ရွာပေါင်း ၄၀ ကျော်လောက်ရှိပါတယ်။ တပ်ထိန်းချုပ်ထားတဲ့နေရာတွေ အားလုံးပေါ့။ ဥပမာ ကေအန်ယူက ထိန်းချုပ်တဲ့နေရာတွေ၊ ငြိမ်းချမ်းရေးကောင်စီ က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ သူတို့နဲ့ ပူးတွဲလုပ်ဆောင် သွားရမယ်” လို့ ပြောပါတယ်။
မူးယစ်ဆေး သုံးစွဲတာ ထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှုရှိရင် လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေအရ အရေးယူဆောင်ရွက်သွားနိုင်သလို နိုင်ငံတကာစည်းမျဉ်းစည်းကမ်း ဥပဒေအရ အရေးယူသွားမယ် လို့ စောဂုဏ်အောင်က ပြောပါတယ်။
ဒီလိုမူးယစ်ဆေးဝါးကင်းရှင်းရေးကို သူတို့ရဲ့ မူအရ လုပ်ဆောင် အကောင်အထည်ဖော်တာလို့ ဆက်ပြောပါတယ်။
“၄ လပိုင်း ၁ ရက်နေ့မှာ ကလိုထူးဘော ကရင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြည်သူလူထုရှေ့မှာ ချပြပြီးတော့ ဆွေးနွေးခဲ့တယ်။ အဲဒီထဲမှာ ကလိုထူးဘောတပ် တည်ရှိရာနေရာတွေ မှာ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ထားတယ်။ အဲဒါတွေကို သိရှိခဲ့ရင် ထိရောက်စွာ အရေးယူမယ်ဆိုတဲ့ အကြောင်းနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို လူထုနဲ့ ပူးတွဲလုပ်ဆောင်သွားမယ်ဆိုတာ ဖွဲ့စည်းပုံမှာ အတိအလင်း ဖော်ပြထားတယ်။ ဒီဖွဲ့စည်းပုံရဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေအနေနဲ့ ကျနော်တို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က ထိုင်းအစိုးရ ဒုဝန်ကြီးချုပ် ချရုမ်ယူဘန်းရူးက ကေကေအိုလက်အောက်ခံ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ကို မူးယစ်ရာဇာအဖြစ် သတ်မှတ်ပြီး ၎င်းအား ဖမ်းဆီးဖို့ ဆုငွေဘတ် ၁ သန်း ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်ချုပ်စောလားပွယ်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆန်လိုက်ပြီးနောက် အခုလို ဒီကေဘီအေ ထိန်းချုပ်နယ်မြေကို မူးယစ်ဆေးဝါးကင်းရှင်းရေး နယ်မြေအဖြစ် ကြေညာလိုက် တာ ဖြစ်ပါတယ်။