A d v e r t i s e m e n t With Us

သီရိလင်္ကာနိုင်ငံတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်

သီရိလင်္ကာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေကြား အဓိကရုဏ်း ဖြစ်အပြီးမှာ အရေးပေါ်အခြေအနေကို မတ်လ ၆ ရက်နေ့က စပြီး ထုတ်ပြန်ထားရပါတယ်။ လူအုပ်လိုက် အကြမ်းဖက်မှုကို ထိန်းချုပ်ဖို့ သီရိလင်္ကာသမ္မတ မိုင်သရီပါလာ စီရီစေနာက တနိုင်ငံလုံး အကျုံးဝင်တဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ကို ၇ ရက်စာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ လူများစု ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစု မွတ်ဆလင်တွေကြား အဓိကရုဏ်း ပေါ်ပေါက်အပြီး ခုလို ကြေညာလိုက်တာပါ။ ဆင်ဟာလီလူမျိုး လူရမ်းကားတစုက သီရိလင်္ကာ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းက မွတ်ဆလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ရဲက ပြောအပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။ မတ်လ ၄ ရက်နေ့က နိုင်ငံအလယ်ပိုင်း ကန်ဒီခရိုင်ထဲမှာ မွတ်ဆလင်တွေနဲ့ လူငယ်တွေ ရုန်းရင်းဆန်ခတ်ဖြစ်အပြီး ဆင်ဟာလီ ကုန်ကားမောင်းသမားတဦး သေဆုံးခဲ့ရာက အုပ်စုလိုက် အပြန်အလှန် အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့တာပါ။ မတ်လ ၅ ရက်နေ့က ကုန်ကားမောင်းသူရဲ့ ဈာပနပွဲအပြီး ဆင်ဟာလီ လူရမ်းကားတွေက ဈေးဆိုင်တွေကို မီးရှို့ခဲ့ပြီး မတ်လ ၆ ရက်နေ့မှာတော့ မီးလောင်ထားတဲ့ ဆိုင်ထဲမှာ မွတ်ဆလင် လူငယ်တယောက်ရဲ့ အလောင်းကို တွေ့ရတယ်လို့ ရဲက ပြောပါတယ်။ မနှစ်က သီရိလင်္ကာနိုင်ငံအတွင်း လူ့အဖွဲ့အစည်းနှစ်ရပ်ကြား တင်းမာမှု တိုးလာတာပါ။ မွတ်ဆလင်တွေက လူတွေကို အစ္စလာမ်ဘာသာ ပြောင်းလဲကိုးကွယ်ဖို့ ဖိအားပေး ခိုင်းစေတယ်၊ ဗုဒ္ဓဘာသာ ဗိသုကာနယ်မြေတွေကို လက်သရမ်း ဖျက်ဆီးတယ်လို့ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တချို့က စွပ်စွဲပါတယ်။ တချို့ ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီတွေကလည်း သီရိလင်္ကာနိုင်ငံအတွင်း မွတ်ဆလင် ခိုလှုံခွင့် တောင်းခံသူတွေ ရှိနေတာကို ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒက အားကောင်းလာနေပါတယ်။ လူဦးရေ ၂၁ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ မွတ်ဆလင်ဦးရေက ၉ ရာခိုင်နှုန်းလောက်သာ ရှိတာပါ။ တမီလ်လူမျိုး ဟိန္ဒူဘာသာဝင်က ၁၃ ရာခိုင်နှုန်းနဲ့ ဗုဒ္ဓဘာသာဝင် ဆင်ဟာလီလူမျိုး ၇၀ ရာခိုင်နှုန်းရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up