A d v e r t i s e m e n t With Us

ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှု ကျေနပ်လောက်သည့် သဘောတူညီချက် ရရှိ

ဓာတ်ပုံ - အေအက်ဖ်ပီ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တောင်ကိုရီးယားအစိုးရ ကိုယ်စားလှယ်အဖွဲ့ သမိုင်းဝင် တွေ့ဆုံခဲ့ကြရာမှာ ကျေနပ်လောက်တဲ့ သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားအစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ ဦးနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြအပြီး မြောက်ကိုရီးယားအစိုးရ ရုပ်သံလိုင်း KRT က အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။ “တောင်ကိုရီးယား အထူးကိုယ်စားလှယ်တွေကတဆင့် သမ္မတ မွန်းဂျဲအင်းရဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ သဘောထားကို ကျမတို့ရဲ့ ခေါင်းဆောင်ကြီး ကြားသိခဲ့ပြီးပါပြီ။ တောင်ကိုရီးယား အထူးကိုယ်စားလှယ်တွေနဲ့ ကျမတို့ရဲ့ခေါင်းဆောင်ကြီး တွေ့ဆုံခဲ့ရာမှာ  အမြင်ချင်း ဖလှယ်ခဲ့ကြပြီး ကျေနပ်လောက်စရာ သဘောတူညီချက်တွေလည်း ရရှိခဲ့ပါတယ်။ အခုလို သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ကျမတို့ရဲ့ ခေါင်းဆောင်ကြီးက ညွှန်ကြားထားပါတယ်။” ဆက်လက်ပြီး KRT ရုပ်သံလိုင်းက “ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးအခြေအနေ တင်းမာနေမှုကို လျှော့ချရေး ကိစ္စရပ်တွေမှာလည်း ကျမတို့ ခေါင်းဆောင်ကြီးက အလေးအနက်ထားကာ အမြင်သဘောထားချင်း ဖလှယ်ခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းရေး၊ ဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် သဘောတူညီချက် ဖလှယ်ရေး စတဲ့ အခန်းကဏ္ဍ အားလုံးကိုလည်း လုပ်ဆောင်နေပါတယ်” လို့ ကြေညာခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲအတွင်း ပြေလျော့ခဲ့တာပါ။ တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ ဖိတ်ကြားခဲ့သလို မြောက်ကိုရီးယား ခေါင်းဆောင်ကလည်း တောင်ကိုရီးယား သမ္မတကို ထိပ်သီး ဆွေးနွေးပွဲတက်ဖို့ ပြန်ဖိတ်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတက နှစ်နိုင်ငံလုံးဟာ အတူရှေ့တိုး ဆောင်ရွက်သင့်တယ်လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန် နှစ်ဖက်လုံးက ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောပေမယ့် မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးကို ရည်မှန်းရမယ်လို့ အမေရိကန်က ပြောထားပြီး မြောက်ကိုရီးယားကတော့ ဒီကန့်သတ်ချက်ကို လက်မခံပါဘူး။ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးနေချိန်မှာပဲ တပြိုင်နက် ကာကွယ်ရေး တိုးမြှင့်သင့်တယ်လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက မတ်လ ၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up