Home
မြန်မာသတင်း
ကလေးမြို့ မြစ်သာမြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း ကမ်းပါးပြိုကျ၍ လုပ်သား ၁ ဦးမြေပိသေဆုံး
DVB
·
March 6, 2018
  ကလေးမြို့နယ် ဖောင်ကူးနဲ့ ကျီကုန်းကြားမှာ မတ် ၆ ရက် နေ့လယ်ပိုင်းက မြစ်သာမြစ်ကမ်းပါး မြေထိန်းနံရံလုပ်ငန်းခွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး လုပ်သားတစ်ဦးသေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်သားတဦးက "နေ့လယ် တစ်နာရီ ၁၅ လောက်မှာ ထမင်းစားပြီး ခဏနားနေတာကနေ အလုပ်ပြန်ဆင်းချိန် ဖြစ်သွားတာ။ သံခြင်းချဖို့ သံငုတ်ရိုက်နေတုန်း ကမ်းပါးပြိုကျတာ။ အဲ့ဒီမှာ ကမ်းပါးပေါ်တင်ထားတဲ့ သံချောင်းတွေရော ပြိုကျတဲ့အထဲ ပါလာတာ" လို့ ပြောပါတယ်။ ကလေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က “သေဆုံးသူ ကတော့ ကလေးမြို့ မြို့လှရပ်ကွက်နေ ရှန်အုပ်လျှံဆိုသူ နေ့စားအလုပ်သမားတဦးဖြစ်ပြီး ဘယ်ညာ နားနှစ်ဖက် သွေးထွက်ဒဏ်ရာ လည်ပင်းညိုမဲဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့ပြီး ကျန်တစ်ယောက်ကတော့ ယာဘက်ပေါင် နာကျင်ဒဏ်ရာသာ ရရှိခဲ့ပြီး မြေပြိုစဉ် လုပ်သားလေးဦး အလုပ်ခွင်ဝင်နေတယ်”လို့ ပြောပါတယ်။ ခုလို လုပ်ငန်းခွင်မတော်တဆမှုနဲ့ ပတ်သက်ပြီး မြေထိန်းနံရံ တည်ဆောက်နေတဲ့ ရေအရင်းမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနက အငယ်တန်းအင်ဂျင်နီယာ ဦးဗန်လျံထန်းကလည်း ယခုဖြစ်စဉ်အတွက် သက်ဆိုင်ရာအဆင့်ဆင့် တင်ပြသွားမှာဖြစ်ပြီး ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာရရှိသူကို ကလေးမြို့ ပြည်သူဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ပေးထားပြီး ဆေးကုသပေးနေပါတယ်။ အဲ့ဒီလုပ်ငန်းခွင်မှာ လုပ်သားပေါင်း ၅၀ ကျော်နဲ့ ကမ်းပါးပြိုကျမှုကနေ ကာကွယ်ဖို့ ကမ်းပါးမြေထိန်းသိမ်းခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သတင်း - ‌မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024