Home
မြန်မာသတင်း
အောင်ဆန်းကွင်းပတ်လည် ဆိုင်ခန်းငှားခ တခန်းကို တလ ကျပ် ၁၂၀၀၀ ကျော်သာ ရရှိ
DVB
·
March 6, 2018
ရန်ကုန်မြို့လယ် အောင်ဆန်းအားကစားကွင်း ပတ်လည်မှာရှိတဲ့ ဆိုင်ခန်းတွေကနေ ငှားရမ်းခ တခန်းကို တလစာ ကျပ် ၁၂၀၀၀ ကျော်နှုန်းလောက်ပဲ နိုင်ငံတော်က ရရှိနေတယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ပြောကြားချက်အရသိရတယ်။ ဒီနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးရဲ့ မေးခွန်းကို ဖြေရာမှာ ပြောခဲ့တာပါ။ အစဉ်အလာကြီးမားခဲ့တဲ့ အောင်ဆန်းအားကစားကွင်းကို ဘယ်လိုပြုပြင်မလဲ ဆိုတာနဲ့ ကွင်းပတ်လည်က ဆိုင်ခန်းတွေကို ဘယ်နှုန်းနဲ့ငှားပြီး ဘယ်ဌာနက ရနေလဲဆိုတာကို မေးမြန်းခဲ့တာပါ။ ဦးနိုင်ငံလင်းက “အောင်ဆန်းအားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းပေါင်း ၃၂၁ ခန်းအတွက် ငှားရမ်းခငွေစုစုပေါင်း တနှစ်လျှင် ၄၈,၁၃၃,၂၀၀ ကျပ် ရရှိပါတယ်။ နိုင်ငံတော်သို့ ပေးသွင်းရပါတယ်။ ငှားရမ်းခများ တိုးမြှင့်ကောက်ခံပြီး နိုင်ငံတော်ရငွေစာရင်း ပိုမိုရရှိရေးအတွက် အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်ရေးစီမံချက်နဲ့အတူ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးစားစွာ ဖြေကြားအပ်ပါတယ်” လို့ ဆိုပါတယ်။ ဒါကြောင့် ဆိုင်ခန်းတခန်းအတွက် တလ ငှားရမ်းခ နိုင်ငံတော်က ရရှိတဲ့ငွေဟာ ပျမ်းမျှ ကျပ် ၁၂,၄၉၅ ကျပ်ကျော်လောက်သာ ရရှိနေတာပါ။ အောင်ဆန်းအားကစားကွင်းကို ပြုပြင်ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ စာအရ အပ်နှံ၊ လွှဲပြောင်းရေး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး အဆင့်မြှင့်တင်ရေးစီမံချက်ကို အား/ကာ ရုံးချုပ်ကို တင်ပြထားတယ်လို့လည်း ဆိုပါတယ်။ ပြုပြင်ပြီးသွားရင် ဘောလုံးနဲ့ ပြေးခုန်ပစ်ပြိုင်ပွဲတွေကို အဆင့်မြှင့်တင် ကျင်းပဖို့ ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးက လွှတ်တော်မှာ ပြောသွားပါတယ်။ ဓာတ်ပုံ- ရန်ကုန်တိုင်း အစိုးရ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024