Home
မြန်မာသတင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း တင်သွင်း
နေဖြိုးဝင်း
·
March 6, 2018
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို  မတ်လ ၅ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တင်သွင်းလိုက်ပါတယ်။ အဂတိလိုက်စားမှုကြောင့် ဖြစ်ရတဲ့ နိုင်ငံတော်ပိုင်ငွေကြေးနဲ့ ပစ္စည်းတွေ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးတာတွေအတွက် အကာအကွယ်ပေးဖို့ ရည်ရွယ်ပြီး ခုလို ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်သွင်းရတာလို့  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးဆန်းဝင်းက ပြောပါတယ်။ “အစိုးရဌာနတွေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်သုံးစွဲတာမှာ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်ရတဲ့ လေလွင့်ဆုံးရှုံးမှုတွေ လျော့နည်းကျဆင်းသွားဖို့၊ စီးပွားရေး ထုတ်ကုန်လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာလည်း အဂတိလိုက်စားမှုကြောင့် ဖြစ်ရတဲ့ နိုင်ငံတော်ပိုင်ငွေကြေး၊ ပစ္စည်း၊ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးတာတွေအတွက် အကာအကွယ်ပေး ဖို့နဲ့ မြန်မာနိုင်ငံတဝန်းလုံးမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး အတည်ပြုပြီးဖြစ်တဲ့ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့အတွက် ဖြစ်ပါတယ်။” ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လေ့လာ တွေ့ရှိချက် အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ဥပဒေကြမ်းရဲ့ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(က)ကို ပုဒ်မ ၄၄ အဖြစ်ပြောင်းလဲပြီး မည်သူမဆို အဂတိ လိုက်စားမှုနဲ့ စပ်လျဉ်းပြီးသော်လည်းကောင်း၊ အဂတိလိုက်စားမှုနဲ့ ကြွယ်ဝချမ်းသာလာမှုနဲ့ စပ်လျဉ်းပြီးသော်လည်းကောင်း၊ သတ်မှတ်ချက်နဲ့အညီ ကော်မရှင်ကိုဖြစ်စေ၊ ကော်မရှင်ရုံးကို ဖြစ်စေ၊ ဒီဥပဒေအရ ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုခုကို ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း တခုခုကိုဖြစ်စေ သတင်းပေးပို့ချက်နဲ့ တိုင်တန်းချက်တွေကို ပေးပို့နိုင်တယ်လို့ အစားထိုးသင့်ကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံထားပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ မည်သူ့ကိုမဆို အဂတိလိုက်စားမှုနဲ့ ကြွယ်ဝချမ်းသာတာ၊ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့် အလွဲသုံးမှုပြုတာ သို့မဟုတ် အဂတိလိုက်စားမှု ကျူးလွန်တာတွေနဲ့စပ်လျဉ်းပြီး ဥပဒေနဲ့အညီ သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌကို တင်ပြခွင့်ရှိတယ် ဆိုတဲ့ စကားရပ်၊ ကော်မရှင်ရဲ့ တင်ပြချက်အရ မည်သူ့ကိုမဆို အဂတိလိုက်စားမှုနဲ့ ကြွယ်ဝချမ်းသာလာတာ၊ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုတာ သို့မဟုတ် အဂတိ လိုက်စားမှုကျုးလွန်ကြောင်း တွေ့ရှိရင် ထိုသူကို သက်ဆိုင် ရာက ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ အကြောင်းကြားရမယ်ဆိုတဲ့ စကားရပ်တွေ ထည့်သွင်းဖို့လည်း အကြံပြုထားပါတယ်။ ဒါ့အပြင် မည်သူမဆို ပြည်တွင်းတွင် သို့မဟုတ် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ မှတ်ပုံတင်ထားတဲ့ ရေယာဉ်နဲ့ လေယာဉ်တခုခုပေါ်မှာ ကျုးလွန်ရင်ဖြစ်စေ၊ မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်သည့် သို့မဟုတ် နေထိုင်ခွင့်ပြုတဲ့ နိုင်ငံခြားသားက ပြည်ပမှာ ကျူးလွန်ရင် ဖြစ်စေ ဒီဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမယ်ဆိုတဲ့ စကားရပ်ကိုလည်း ထည့်သွင်းဖို့လည်း အစီရင်ခံထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024