Homeမြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် မြေနုကျွန်းခွဲဝေချထားသည့်အပေါ် မကျေနပ်သဖြင့် တောင်သူများဆန္ဒပြ
အင်္ဂပူမြို့နယ်တွင် မြေနုကျွန်းခွဲဝေချထားသည့်အပေါ် မကျေနပ်သဖြင့် တောင်သူများဆန္ဒပြ
DVB
·
March 6, 2018
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှာ ဒီနေ့ မတ်လ ၆ ရက် မနက်က မြေနုကျွန်းခွဲဝေချထားတာကို မကျေနပ်တဲ့အတွက် မြေနုကျွန်းစိုက်တောင်သူ ၅၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။
ကျေးရွာနှစ်ရွာကြားဖြစ်တဲ့ ကြို့ကုန်းနဲ့ အမြိုင်းကျေးရွာနှစ်ခုရဲ့ ငဝန်မြစ်ကမ်းနား မြေနုကျွန်းကို နှစ်ရွာရှိ မြေနုကျွန်းစိုက်တောင်သူတွေအကြား ၂၀၁၆ ခုနှစ်ကစပြီး ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့ကြတာပါ။
အဲလို အငြင်းပွားမြေနုကျွန်းကို နေရာခွဲဝေပြန်ချထားရာမှာ တရားမျှတမှု မရှိတဲ့အတွက် ဆန္ဒပြခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အမြိုင်းကျေးရွာနေ ဆန္ဒပြဦးဆောင်သူ ဦးလှမောင်က "ကျနော်တို့ကတော့ ခုခွဲ ဝေးချထားတာတွေဖြစ်တဲ့ ကွင်းအမှတ် ၇၂၈ နဲ့ ၇၂၉ မှာ ကျနော်တို့ အမြိုင်းက ၁၆ ဧကကျော်ပဲရတယ်။ ဟိုဘက်ကြို့ကုန်းက ဧက ၆၀ ကျော်ရတယ်။ ဒီတော့ ခုလိုမြေနုချတာကို တရားမမျှတဘူးလို့ ထင်တယ်။ ဒါကြောင့်ဆန္ဒထုတ်ဖော်ရတာပါပဲ"လို့ ပြောပါတယ်။
မြေနုချထားရမှာ မြေနုကျွန်းခွဲဝေချထားရေး ဥပဒေအရကတော့ ပြည်ထဲရေး အမည်ပေါက် ကျေးရွာကို အနီးစပ်ဆုံးယူပြီး မြေကျွန်းလုပ်စားမြေ မရှိတဲ့လူတွေကို ခွဲဝေချထားရတာပါ။ အဲလိုချထားလို့ ပိုတဲ့မြေနုကျွန်းကို ဒုတိယအနီး စပ်ဆုံးကျေးရွာကို ခွဲဝေချထားရပါတယ်။
အမြိုင်းကျေးရွာနေ ဆန္ဒပြဦးဆောင်သူနောက်တဦးဖြစ်တဲ့ ဦးဇော်မျိုးအောင်က "ကျနော်တို့ ခုလိုမြို့နယ်နဲ့ခရိုင်တို့က ဆုံးဖြတ်ချက်ချတာကို ဘက်လိုက်တယ်ထင်တယ်။ ပြီးတော့ ကျနော်တို့ အမြိုင်းရွာက လူဦးရေများတယ်။ အဲဒါကြောင့် ကျနော်တို့ကို များပေးစေချင်တယ်"လို့ ပြောပါတယ်။
မြေနုကျွန်းစိုက်တောင်သူတွေက ခုဆန္ဒပြရာမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထု ဆန္ဒမျက်ကွယ်ပြုတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းဦးစီးအရာရှိတို့အား အရေးယူပေးရေး၊ လူထုဆန္ဒအတည်ပြုပေးရေး စတာတွေကို ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က "ဆန္ဒပြတာကတော့ သူတို့သဘောပါပဲ။ ကျနော်တို့က ၂၀၁၂ လယ်ယာမြေဥပဒေအညီ ခွဲဝေချထားတာပါ။ ပြီးတော့ သုံးခါ အဲဒီကွင်းထဲကို ဆင်းပြီးတော့ ရုံးခန်းထဲမှာ သုံးခါ ခေါ်ရှင်းပြတယ်။ ကျနော်တို့ မြို့နယ်လယ်ယာမြေ ချထားရေး ကော်မတီကဥပဒေနဲ့အညီ လုပ်ဆောင်ထားကြောင်းရှင်းပြပြီးသား။ ကျနော်လည်း အဆင့်ဆင့်ကို ခုဖြစ်ပေါ်နေတဲ့အခြေအနေကို အစီရင်ခံစာရေးတင်ပြီးသားပါပဲ။ ဘက်လိုက် မျက်ကွယ်ပြုတယ်။ အရေးယူပေးရေးဆိုတော့ ကျနော်တို့ဌာနဆိုင်ရာတွေက ခုဖြစ်စဉ်အပေါ် ဘာအမှားမှ မလုပ် ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ လုပ်ဆောင်ထားတာပါပဲ"လို့ ဒီဗွီဘီကိုပြောပါတယ်။
အင်္ဂပူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်က "ခုကိစ္စမတိုင်ခင် ပထမအုပ်ချုပ်ရေးမှူးနဲ့ ကျနော်တို့ ကွင်းဆင်းစစ်ဆေးပြီးသား ခုလုပ်ဆောင်တာကလည်း ဥပဒေပြဌာန်းချက်တွေနဲ့အညီ လုပ်ဆောင်ခဲ့တာလို့ ကျနော် သိရတယ်။ ဆန္ဒပြတာလည်းပြပေါ့။ ဒါပေမယ့် ဥပဒေနဲ့အညီဖြစ်ဖို့ လိုမယ်အချို့ကိစ္စတွေက တဖက်သတ်တွေ ပြောဆိုနေတာ။ အဲမျိုးတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။
အင်္ဂပူမြို့နယ်မှာ ငဝန်မြစ်ကမ်းနားမြေနုကျွန်း၊ ဧရာဝတီမြစ်ကမ်းနားမြေနုကျွန်း ၂ ခုပေါင်း မြေနုကျွန်း ဧကပေါင်းတစ်သိန်းကျော်လောက် ရှိနေပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာတော့ မြေနုကျွန်းခွဲဝေတိုင်း အခုလို အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာပါ။
သတင်း - သန်းထိုက်မြင့်