အမေရိကန် ပေါ်လစီအပြောင်းအလဲက ဘယ်သူအကျိုးစီးပွားလဲ
နေသွင်
·
May 21, 2012
အမေရိကန်အစိုးရက မြန်မာပြည်အပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေကို ဆိုင်းငံ့ထားလိုက်သလို ၂၂ နှစ်ကြာ မခန့်ဘဲ ထားခဲ့တဲ့ မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးကိုလည်း ပြန်ခန့်လိုက်ပါတယ်။
[caption id="attachment_18467" align="alignright" width="300" caption="ကိုမင်းဇင်"][/caption]
အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်မှာ ကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံတာကိုလည်း ခွင့်ပြုတဲ့အကြောင်းကို အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။
ဒါပေမယ့် အမေရိကန်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အထောက်အကူပြုတာမျိုး ဖြစ်စေချင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
တကယ့်လက်တွေ့မှာ အမေရိကန်အစိုးရရဲ့ ပေါ်လစီအပြောင်းအလဲဟာ အမှန်တကယ် ဘယ်သူ့ အကျိုးစီးပွားအတွက် ဦးတည်ဖို့ များနေပါသလဲ။
အမေရိကန်နိုင်ငံ ဘာကလေတက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံပါရဂူဘွဲ့အတွက် ဆည်းပူးနေတဲ့ ကိုမင်းဇင်ကို မေးမြန်းထားပါတယ်။
Foreign Policy မဂ္ဂဇင်းမှာ ကိုမင်းဇင် ရေးထားတဲ့ ဆောင်းပါးဖတ်ရပါတယ်။ အမေရိကန်ရဲ့ အခုနောက်ဆုံး ပေါ်လစီအလှည့်အပြောင်းက ကြီးမားတဲ့ ခြေလှမ်းလို့ ရေးထားပါတယ်၊ ရိုးရိုးပဲ ကြီးမားတာလား၊ ဒါမှမဟုတ် အမေရိကန် ခြေလှမ်းများ ကျဲလွန်းနေသလား။
“ပြစ်ဒဏ်ခတ်မှုတွေ တစုံတရာလျှော့ပေးမယ်ဆိုတာတော့ နဂိုကတည်းက ကျနော်တို့ တွက်ပြီးသားပါ။ ဖြေလျှော့တဲ့နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ဖြေလျှော့မလဲပေါ့။ ဥပမာ ဧပြီလတုန်းက ဟီလာရီကလင်တန်က မြန်မာပြည်မှာ ကြားဖြတ်ရွေးကောက်ပွဲပြီးခါစမှာ ဧပြီ ၄ရက်နေ့မှာ ရှင်းလင်းပွဲတခုလုပ်တယ်။ အဲ့မှာ သူပြောတာက အဆင့် ၅ ဆင့်ပါတဲ့ ဖြေလျှော့မှု လုပ်မယ်။ အဲ့မှာပြောတဲ့ အတိုင်းဆိုရင် အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ ပြန်သွားမယ်။ ဒါပေမယ့် တချို့ ကဏ္ဍတွေဖြစ်တဲ့ ရေနံဓာတ်ငွေ့၊ သတ္ထုတူးဖော်ရေး လုပ်ငန်းမျိုးတွေမှာ မလုပ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီလုပ်ငန်းရှင်ကြီးတွေ လွှမ်းမိုးထားတဲ့အတွက် ဒီနေရာတွေမှာ မလုပ်ဘူးဆိုပြီး ဟီလာရီကလင်တန်က ပြောခဲ့တာရှိတယ်။
ဒါပေမယ့် အခု ဧပြီကနေ မေကိုရောက်တဲ့အခါမှာ အခုတခေါက်ပြောတဲ့အခါ၊ မူဝါဒ ချမှတ်တဲ့အခါမှာတော့ `ပစ်မှတ်ထားပြီး တချို့ကဏ္ဍတွေကို မလုပ်ဘူး´ ဆိုတဲ့ စကားမျိုး မပြောတော့ဘဲ အကုန်လုပ်မယ်။ ကဏ္ဍတိုင်းမှာလုပ်မယ်။ ဒါပေမယ့် ပြစ်ဒဏ်ခတ်မှုကတော့ လုံးဝ ဖယ်ရှားတာမျိုး မဟုတ်ဘူး။ ဆိုင်းငံ့တာပဲ ဖြစ်တယ် ဆိုတဲ့ သဘောမျိုး ပြောင်းပြောတာ တွေ့ရပါတယ်။ အဲ့ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သူတို့လုပ်တဲ့ အပြောင်းအလဲဟာ ကြိုတော့ တွက်ထားပြီးသားပဲ၊ ဒါပေမယ့် ခြေလှမ်းကတော့ ပိုကျဲတယ်ဆိုတာ တွေ့ရပါတယ်။”
အခုလိုမျိုး အမေရိကန်က ခြေလှမ်းကျဲရတဲ့ အဓိကတွန်းအားက ဘာဖြစ်မလဲ။
“ကျယ်ပြန့်တဲ့ ဒေသတွင်းဆိုင်ရာ ပထဝီနိုင်ငံရေးတို့၊ အမေရိကန်ရဲ့ အကျိုးစီးပွားတို့၊ ဒါတွေကလည်း အများကြီးပါမှာပဲလေ။ ဒါတွေခဏဖယ်ထားပြီး မြန်မာပြည်နဲ့ တိုက်ရိုက်သက်ဆိုင်တာကို ကြည့်မယ်ဆိုရင် အမေရိကန်မှာရှိတဲ့ မူဝါဒချမှတ်သူတွေဟာ ပြစ်ဒဏ်ခတ်မှုတွေက မထိရောက်ဘူး။ ပြစ်ဒဏ်ခတ်မှုတွေ လုပ်နေမယ်ဆိုရင် အမေရိကန်အနေနဲ့ နံပါတ်တစ်က အမျိုးသားအကျိုးစီးပွား၊ နံပါတ်နှစ်ကလည်း အာရှပစိဖိတ်က ပထဝီနိုင်ငံရေးပေါ့။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သီးခြားပြောနိုင်တာတခုက အိုဘားမားအစိုးရ၊ အစိုးရသစ်က သူတို့ရဲ့ ရှုထောင့်အမြင်က ပြစ်ဒဏ်ခတ်မှုတွေဟာ ထင်သလောက် ထိရောက်မှုမရှိဘူး။ ပြစ်ဒဏ်ခတ်မှုတွေလုပ်ရင် အမေရိကန်ကနေ မြန်မာနိုင်ငံအပေါ် ဩဇာသက်ရောက်မှု အတိုင်းအတာဟာ အကန့်အသတ်နဲ့ပဲ ဖြစ်နေမယ်။ အထူးသဖြင့် ဒီမိုကရေစီရေးရာကိစ္စတွေမှာတင် မဟုတ်ဘဲ ကျန်တဲ့ မြောက်ကိုရီးယားနဲ့ မြန်မာ ဆက်ဆံရေး၊ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး၊ မဟာဗျူဟာကိစ္စတွေမှာလည်း အမေရိကန်က မြန်မာအပေါ်မှာ ဩဇာမလွှမ်းမိုးနိုင် ဖြစ်လိမ့်မယ်။ ဒါကြောင့်မို့ ပြစ်ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းရမယ်ဆိုတဲ့ သဘောထားရှိပုံရပါတယ်။ အဲ့အချိန်မှာ ဦးသိန်းစိန်နဲ့ အကြောင်းပါသွားပြီး မြန်မာဘက်ကလည်း အပြောင်းအလဲတွေ လုပ်လာတဲ့အပေါ်မှာ အမေရိကန်အနေနဲ့ လိုလိုလားလားနဲ့ သွက်သွက်လက်လက်လေး ပြစ်ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးလိုက်တယ်လို့ ကျနော်ကထင်ပါတယ်။”
အမေရိကန်ဆန်ရှင်ရုပ်ဖို့တောင်းဆိုတဲ့အကြောင်း တောင်းဆိုကြတဲ့ လူတွေအကြောင်းပြောရရင် ဆီနိတ်တာ ဂျင်ဝပ်ကတော့ ထားပါတော့၊ ဒီကြားထဲမှာ အမေရိကန် စီးပွားရေးသမားတွေက ဆန်ရှင်ရုပ်ဖို့ အမေရိကန် အစိုးရဆီကို စာပို့ခဲ့တာရှိတာရှိတယ်၊ ထူးခြားတာက အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း။ သူဆိုရင် ဆန်ရှင်ဘက်ကနေ တလျှောက်လုံး ရပ်ခံခဲ့တဲ့လူပဲ၊ အခုနောက်ဆုံး အမေရိကန် ပေါ်လစီအပြောင်းအလဲ မတိုင်ခင် ဒီတပတ်အစောပိုင်းမှာပဲ သူက ဆန်ရှင်ကို ရုပ်သိမ်းသင့်တယ်လို့ ပြောလာတယ်။ အာရှပစိဖိတ်ဒေသမှာ အမေရိကန်က တရုတ်ထက် နောက်ကောက်ကျနေပြီလို့ပြောလာတယ်၊ ဂျွန်မက်ကိန်းလိုလူက ဒီလိုပြောလာတာ အံ့ဩမိလားဗျ၊ စီးပွားရေးသမားတွေက အမေရိကန်ပေါ်လစီမှာ လွှမ်းမိုးမှုများရှိနေမလား။
“အမေရိကန်ကတော့ အရင်းရှင်စနစ်နဲ့ သွားနေတယ်ဆိုတော့ စီးပွားရေးသမားတွေနဲ့ အစိုးရကြားမှာ အပြန်အလှန်ဆက်ဆံရေးက အများကြီး ရှိတာပဲ။ အမြဲတမ်းလည်း တိုင်ပင်နှီးနှောနေကြတာပဲ။ အပြန်အလှန်ဩဇာရှိတာတော့ ငြင်းမရပါဘူး။ ဂျွန်မက်ကိန်းလို ပုဂ္ဂိုလ်တွေကအစ မြန်မာပြည်နဲ့ ပတ်သက်လို့ တရုတ်ကို ထည့်သွင်းစဉ်းစားတော့မယ်လို့ ပြောတာက တနည်းအားဖြင့် ကမ္ဘာ့ပထဝီနိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာတာကို ရည်ညွှန်းရာရောက်ပါတယ်။ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူတာ ချထားတဲ့အချိန်၊ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူတာက ၉၅၊ ၉၆ နောက်ပိုင်းမှာလုပ်တာကိုး။ လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်ဝန်းကျင် အချိန်ပေါ့။ ဒီဘက်အချိန်တွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ တရုတ်ရဲ့အခန်းကဏ္ဍက အာရှပစိဖိတ်ဒေသမှာ အရမ်းကို ကြီးထွားလာတာကိုး။ ပထဝီနိုင်ငံရေးအခြေအနေအရတော့ တရုတ်ကို ဘေးကနေဝိုင်းပြီးတော့ ပိတ်ထားနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံက ဂယ်ပေါက်လို ဖြစ်နေတာကိုး။ မြန်မာနိုင်ငံကို တစုံတရာ အမေရိကန်က ဆက်ဆံထားနိုင်မယ်။ ကူးလူးထားနိုင်မယ်ဆိုရင် မဟာဗျူဟာအရ အရေးပါတာပေါ့လေ။ အဲ့ထက် ပိုအရေးပါတာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အနေနဲ့ သူတို့လုပ်ခဲ့တဲ့ စမ်းသပ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုနည်းဟာ အလုပ်မဖြစ်ဘူးလို့ ယုံလာတာက ပိုပြီးတော့ အခရာကျမယ်လို့ ထင်ပါတယ်။ အတိုက်အခံတွေက ဘယ်လောက်ပဲ ပိတ်ဆို့အရေးယူတာ ထိရောက်တယ် ပြောနေသော်လည်း အမေရိကန်အစိုးရနဲ့ အမေရိကန်အရာရှိတွေက ဒါကို သံသယဝင်လာတယ်။”
မြန်မာအစိုးရကို ခပ်တင်းတင်းဆက်ဆံခဲ့တဲ့ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်က ဦးဆောင်ကျင်းပတဲ့ အစည်းအဝေး ဒီတပတ်အစောပိုင်းမှာပဲ လုပ်တယ်။ အဲဒီမှာ အမေရိကန်ဆန်ရှင်တွေ ရုပ်ဖို့သင့်မသင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆန်ရှင်ရုပ်ဖို့ ကိစ္စ သတိနဲ့လုပ်ဖို့ ဆိုတဲ့သဘောမျိုး ပြောသွားတယ်လို့ ကျနော်နားလည်တယ်။ အမေရိကန်ရဲ့ဖြေလျှော့မှုက အတိုက်အခံတွေက သဘောကျမယ်မထင်ဘူး။ အဲဒီတော့ ဘယ်သူအတွက် အကျိုးဖြစ်မယ်လို့ထင်လဲ။ မြန်မာအစိုးရလား၊ အမေရိကန် စီးပွားရေးသမားတွေလား၊ မြန်မာပြည်သူအတွက်လား၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက်လား။
“အစိုးရအရာရှိတွေကတော့ သူတို့လိုရင် လိုသလို ပြည်သူကို အကျိုးရှိမယ်၊ မရှိဘူး လျှောက်ပြောနေကြတာပေါ့ဗျာ။ အဓိကကတော့ ဒါကို လေ့လာနေတဲ့ သတင်းစာဆရာတွေ အနေနဲ့ ဆစ်ဆစ်ပိုင်းပိုင်း သုံးသပ်ဖို့ လိုမှာပါ။ ဥပမာဆိုပါတော့ ကျနော့်အမြင်ကတော့ ဆန်ရှင်ကို ရုပ်တယ်။ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပါလို့ ဟီလာရီကလင်တန်က ပြောတယ်။ တပြိုင်တည်းမှာပဲ ဟီလာရီကလင်တန်ရော အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတွေကရော အမေရိကန် ကုမ္ပဏီတွေဟာ သိပ်ပြီးတော့ ကျင့်ဝတ်နဲ့ ညီတာပဲ။ ဘယ်လိုကောင်းတာဖြင့်. တချိန်လုံး ပြောနေကြတာပဲ။ ဒါပေမယ့် ကျင့်ဝတ်နဲ့ညီတဲ့ လုပ်ထုံးလုပ်နည်းတွေကို တရားဝင်ဖြစ်အောင်လို့ ဥပဒေကြောင်းအရ၊ ထိန်းချုပ်မှုတွေအရ တရားဝင်ပြဋ္ဌာန်းပြီးတော့ မြန်မာနိုင်ငံမှာ သွားပြီး ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို ထိန်းချုပ်ပါလား။ ဒါမလုပ်ရဘူး၊ ဒါလုပ်ရမယ် ဆိုပြီး ဥပဒေနဲ့၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ပါလားဆိုရင် အမေရိကန်နိုင်ငံခြားရေးဌာနကနေ ဒါကိုလုပ်လို့ မဖြစ်ဘူးဆိုပြီး လျှောချတာ တွေ့ရပါတယ်။ တကယ့် တကယ့်ကျတော့ စကားအနေနဲ့ ပြောတာပေါ့။ လက်တွေ့ ထိရောက်အောင် လုပ်ပါဆိုရင် သူတို့ရှောင်သွားတာတွေပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ရင် အမေရိကန်ကုမ္ပဏီလည်း လက်ဝင်လျှိုခဲ့တဲ့ သာဓကတွေလည်း အများကြီး ရှိတာပဲ။ ယူနိုကယ်ရေနံကုမ္ပဏီဆိုရင် အထင်အရှားပါပဲ။ ဒါကို မြန်မာအတိုက်အခံတွေက ကျေနပ်လား မကျေနပ်လား ဆိုတာကလည်း အထူးသဖြင့် မြန်မာ အတိုက်အခံတွေကလည်း သူတို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်က အဓိကလား။ တဖက်ကလည်း အလုပ်အကိုင်ဖန်တီးပြီး တဖက်ကလည်း အောက်ခြေမှာရှိတဲ့ လူထုအတွက် ဘယ်လိုအကျိုးရှိလဲ၊ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်လေ့လာထားလဲ၊ ဘယ်လောက်စနစ်တကျ သုံးသပ်ထားတာရှိလဲ။ ကျနော်တို့အနေနဲ့ကတော့ အတိုက်အခံဘက်ကရော အစိုးရဘက်ကရော ပြည်သူလူထုကို သေသေချာချာ ချပြထားတာမျိုး မတွေ့ရသေးပါဘူး။ အထူးသဖြင့် အခုလုပ်နေတာက နှစ်ဖက်စလုံး နိုင်ငံရေးအရ အားပြိုင်နေတာမျိုးပဲ ပိုများပါတယ်။”
အခုအမေရိကန်က ပေါ်လစီအပြောင်းအလဲ ကြေညာတဲ့အချိန်မှာ အမေရိကန်က အကြီးဆုံးကုန်သည်အသင်းက မြန်မာပြည်ကို ရောက်နေတယ်၊ အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံကြဖို့ အဆင့်သင့်ဖြစ်ပြီလား။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်။ မြန်မာပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်ဆို အကောင်းဆုံးပေါ့ဗျာ။ အဲ့လို ဖန်တီးပေးနိုင်ဖို့ဆိုတာက စက်မှုလုပ်ငန်းတွေ၊ အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့ စီးပွားရေးကဏ္ဍတွေ၊ ကုန်ထုတ်လုပ်ရေးတွေမှာ ဦးစားပေးနိုင်မယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပိုရတာပေါ့။ အဲ့လိုလုပ်ဖို့ဆိုတာလည်း တဖက်က အခြေခံအဆောက်အအုံတွေ ကောင်းဖို့လိုတယ်။ ဘဏ်စနစ်တွေ၊ ငွေကြေးလဲလှယ်နှုန်းထားတွေ၊ ဒါတွေမရှိဘူးဆိုရင်တော့ ရင်းနှီးမြှုပ်နှံမယ့် သူကလည်း အဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမယ့်အစား ဘယ်ကဏ္ဍတွေကို သွားမလဲဆိုရင် ငွေပင်ငွေရင်း အဓိက စိုက်ရပြီးတော့ အမြတ်များများရနိုင်မယ့် သဘာဝ သယံဇာတနဲ့ ပတ်သက်တဲ့ နယ်ပယ်ကို သွားနိုင်ပါတယ်။ အဲ့ကဏ္ဍတွေကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ သိပ် မဖန်တီးပေးနိုင်ဘူး။ ပိုဆိုးနိုင်တာက ဘာလဲဆိုရင် သဘာဝ သယံဇာတအများစုဟာ တိုင်းရင်းသားဒေသတွေမှာ ရှိတာ ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေကို သဘာဝသယံဇာတ ထုတ်ဖော်ဖို့ သွားမယ့် နိုင်ငံခြား ကုမ္ပဏီတွေက၊ တိုင်းရင်းသားဒေသတွေမှာကလည်း ပြည်တွင်းစစ်ကလည်း ဖြစ်နေတယ်။ အပစ်အခတ်ရပ်စဲရေးတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေဆိုတော့ အဲ့ဒေသတွေမှာလည်း တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုရင် ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ အခြေအနေအောက်မှာ ဒေသခံတိုင်းရင်းသားတွေအတွက်က အများကြီး ဒုက္ခရောက်ဖို့ရှိပါတယ်။
“တနည်းအားဖြင့် နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောင်မှာ ဒုက္ခရောက်ခဲ့တဲ့ ပြည်သူတွေဟာ အခုတခါ ဂလိုဘယ်လိုက်ဇေးရှင်း နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတို့။ ဒါတွေဟာ ကောင်းပါတယ်။ မကောင်းတဲ့ မျက်နှာစာတွေလည်း ရှိပါတယ်။ ကျနော်တို့ ပြည်သူတွေက နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာနေပြီးတော့ အခုတခါ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ မကောင်းတဲ့ ဘေးထွက်သက်ရောက်မှုတွေကို ခါးစည်းခံရဦးမယ်ဆိုရင်ဖြင့် အင်မတန်မှ စိတ်မကောင်းစရာဖြစ်ပါတယ်။
“သဘောက ကျနော်ပြောချင်တာကတော့ မူဝါဒချမှတ်သူတွေ၊ အထူးသဖြင့် မြန်မာအစိုးရရယ်၊ နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေ၊ လေ့လာသူတွေ အားလုံးအနေနဲ့ ဒီကိစ္စကို အာရုံစိုက်ပြီးတော့ မျက်စိဖွင့်နားဖွင့်လုပ်ပြီး ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေကို ထပ်ပြီးတော့ ဖွံ့ဖြိုးမှုဆိုတဲ့ ခေါင်းစဉ်အောင်မှာ ထပ်ပြီး ဒုက္ခမရောက်ဖို့ တရားဥပဒေစိုးမိုးမှု ရှိဖို့အတွက် အားလုံး ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ရမယ် ထင်ပါတယ်။”
အမေရိကန်အစိုးရက ပြောထားတာရှိပါတယ်။ မြန်မာအစိုးရဘက်က တလှမ်းတိုးရင် သူတို့လည်း တလှမ်းလိုက်တိုးမယ်လို့ ပြောထားတာရှိတယ်။ အခုတော့ အမေရိကန် အစိုးရက သူ့စီးပွား ရေးသမားတွေကို မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းတယ်။ ၂၂ နှစ်လောက် မခန့်ဘဲထားတဲ့ မြန်မာပြည်ဆိုင်ရာ သံအမတ်ကို ခန့်လိုက်တယ်။ အမေရိကန်အစိုးရမှာ နောက်ထပ် တိုးစရာ ခြေလှမ်းတွေ ကျန်သေးရဲ့လားဗျ။
“ရင်းနှီးမြှုပ်နှံမှု ပြစ်ဒဏ်ကို ရုပ်သိမ်းလိုက်တယ်ဆိုပေမယ့်လည်း မြန်မာနိုင်ငံက သွင်းကုန်တွေကို ပိတ်ဆို့ထားတာတို့၊ မြန်မာစစ်တပ်ကို လက်နက်မရောင်းဘဲ ပိတ်ထားတာတို့ ရှိနေပါသေးတယ်။ တချိန်တည်းမှာပဲ အမေရိကန် အစိုးရအနေနဲ့ ခရိုနီတွေကို ဘယ်လို သဘောထားမှာလဲ ဆိုတဲ့ကိစ္စကလည်း၊ အခုကတော့ ဒါကို လက်မခံဘူး ပြောနေပေမယ့် တကယ့်တကယ် စီးပွားရေး လုပ်လာတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိမှာ ဖြစ်ပါတယ်။ ဒီပြဿနာတွေ အများကြီး ရှိနေသလိုပဲ မြန်မာပြည်ကို ကူညီမှုတွေ အထောက်အပံ့တွေ ပေးမလား မပေးဘူးလား။ ဘယ်လောက်ပေးမှာလဲ ဆိုတဲ့ ကိစ္စတွေကလည်း ဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် အမေရိကန် အစိုးရမှာ ဆက်လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးကလည်း ဒီထက်ဆက်ပြီး ပြေလည်ဖို့များပါတယ်။ သိပ်ပြီးတော့ မဆိုးဝါးဘူးဆိုရင် အမေရိကန် မြန်မာဆက်ဆံရေးက ပိုကောင်းလာဖို့ အလားအလာ ရှိပါတယ်။”
ဒီဇင်ဘာလဆန်းပိုင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ မြန်မာပြည်ခရီးကနေ အခုအထိ ၆ လအတွင်းမှာ အမေရိကန်က ခြေလှမ်းတွေမှာ ထင်ထားတာတွေရော၊ မထင်ထားတာတွေရော တွေ့လာရတယ်။ ရှေ့မှာ နောက်ထပ် ဘာတွေများ ခြေလှမ်းကျဲကျဲတွေများ တွေ့ရဦးမယ်လို့ထင်လဲ။
“ကျနော် ရှေ့ဖြစ်ဟောဆရာ မဟုတ်တဲ့အခါကျတော့လည်း ကံသေကံမတော့ မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် ကျနော်ပြောနိုင်တာ တခုက ဘာလဲဆိုတော့ မြန်မာစစ်တပ်နဲ့ မြန်မာအာဏာပိုင်တွေက သူတို့ကိုယ်သူတို့ ငါတို့ဟာ `ဆူဟာတို´ လက်အောက်က အင်ဒိုနီးရှား၊ ပတ်ချုံဟီး လက်အောက်က တောင်ကိုရီးယား၊ အနောက်နိုင်ငံတွေနဲ့ အဆင်ပြေတယ်။ အမေရိကန်နဲ့ အဆင်ပြေတယ်။ တိုင်းပြည်ထဲက အာဏာကို ငါတို့ကပဲ ကိုင်ထားတယ်။ တိုင်းပြည်တွင်းမှာလည်း ငါတို့နဲ့ ပတ်သက်တဲ့သူတွေကပဲ စီးပွားရေးကို ချုပ်ကိုင်ထားတယ်။ အဲဒီလို အနေအထားမျိုးကို စိတ်ကူးယဉ်ကောင်းယဉ်ကြပါလိမ့်မယ်။ အဲဒီလို စိတ်ကူးယဉ်ရင် ဖြစ်နိုင်တဲ့ အန္တရာယ်က ဒီအပြောင်းအလဲတွေဟာ လူထုရဲ့ နေ့စဉ် စားဝတ်နေရေး ဘဝကို မဖြေရှင်းပေးနိုင်တော့လို့ လူထု မကျေနပ်မှုတွေကို ပိုပွားစေပြီးတော့ လူထုပေါက်ကွဲမှုတွေ ဖြစ်လာစေနိုင်တယ်။ အဲဒီပေါက်ကွဲမှုတွေဟာ မငြိမ်သက်မှုတွေ ဖြစ်လာနိုင်ပြီး တိုင်းပြည်မှာ မမျှော်လင့်နိုင်တဲ့ အုံကြွမှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို ဖြစ်လာမယ်ဆိုရင် မြန်မာအစိုးရအတွက်တင် မဟုတ်ဘဲ အမေရိကန်အစိုးရ အပါအဝင် အနောက်နိုင်ငံတွေအတွက်လည်း အကြီးအကျယ် အံ့အားသင့်စရာ ဖြစ်လာပါလိမ့်မယ်။”
အခုနောက်ဆုံး အမေရိကန်ကလည်း ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ဖြေလျော့ပေးလိုက်တဲ့နောက် မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ရှေ့ခရီးဆက်ကြဖို့ နိုင်ငံတကာ၊ အတိုက်အခံနဲ့ အစိုးရတို့ အင်္ဂါစုံပြီလို့ ပြောလို့ရမလား။
“မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး ပြဿနာကလည်း နိုင်ငံရေးအာသီသ ပြဿနာ မဟုတ်ဘူးဗျ။ အခုက သူလည်း ပြုပြင်ပြောင်းလဲရေးသမား၊ ငါလည်း ပြုပြင်ပြောင်းလဲရေးသမားလို့ ကြွေးကြော်နေကြတာခင်ဗျ။ တကယ်တော့ structural (ဖွဲ့စည်းတည်ဆောက်ပုံနဲ့ သက်ဆိုင်တဲ့) ပြဿနာဗျ။ ဆင်းရဲမွဲတေမှု ပြဿနာ၊ ပြည်တွင်းစစ်ပြဿနာတွေ၊ ဒါတွေက အဆောက်အအုံ ဆိုင်ရာအရ ဖြစ်လာတဲ့ အကန့်အသတ်တွေပေါ့ဗျာ။ နောက်တခုက အင်စတီကျူးရှင်း (Institutional) ပြဿနာဗျ။ အရည်အချင်းမရှိတဲ့ ဗျုရိုကရေစီ၊ အဂတိလိုက် စားတာတွေ ရှိနေတာ။ အဲဒါတွေက အကန့်အသတ် တခုစီပေါ့ဗျာ။ နောက်တခုကတော့ နိုင်ငံရေး မတည်ငြိမ်မှုပေါ့ဗျာ။ အာဏာရှင်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရတော့ ပျက်ပြားနေတဲ့ စိတ်ဓာတ်တွေပေါ့။ ဒီဟာတွေက အဓိက အဟန့်အတားတွေပါ။ ဒါတွေက လူတွေကို အပြောင်းအလဲကို ရှေ့မတက်နိုင်အောင် ခြေထောက်ကို ဆွဲထားမယ့် ပြဿနာတွေပဲ။ ဒါတွေကို မဖြေရှင်းနိုင်ဘူးဆိုရင်၊ ဖြေရှင်းဖို့ အားမထုတ်ဘူးဆိုရင် အပြောင်းအလဲက ခရီးပေါက်မှာ မဟုတ်ဘူး။ ခရီးမပေါက်တဲ့အချိန်မှာ ပိုပြီးတော့ လူထုရဲ့ စားဝတ်နေရေး ပြဿနာကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် ခုနက ပြောတဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်။”