Home
မြန်မာသတင်း
အမျိုးသမီးလွှတ်တော်အမတ်များ အရည်အချင်းတိုးတက်လာဟု စစ်ကိုင်းဝန်ကြီးချုပ်ပြော
Aung Ko Latt
·
March 5, 2018
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းဟာ တိုးတက်လာတယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။ မတ်လ ၅ ရက်နေ့က ပြန်လည်ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ပုံ မှန်အစည်းအဝေးက ပြန်အထွက်မှာ တိုင်းဒေသကြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့အမေးကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့တာပါ။ “နေထိုင်၊ ပြောဆို၊ လုပ်ကိုင်ပုံတွေကအစ တနှစ်ထက်တနှစ် တိုးတက်လာတယ်။ လိုအပ်ချက်တွေတော့ ရှိသေးတာပေါ့။ အခုမှ လွှတ်တော်ကိုယ်စားလှယ်ဘဝကို နဖူးတွေ့၊ ဒူးတွေ့တွေ့ရတာလေ။ မမှားဖူးတဲ့သူမရှိဘူး။ မှားတာကို အမှန်ပြင်ရမယ်။ သင်ယူရမယ်။ လေ့လာရမယ်။ ငါလည်း မြင်သမျှ အကုန်ကြည့်နေတယ်။ တချို့ဟာလည်း တတ်သမျှ ဘယ်လို ဘယ်လိုနေ ပြောတယ်။ Check and Balance ဆိုတာ ဘာဆိုတာကိုလည်း ပြောနေတယ်။ မဆိုးဘူး။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ် ဖြစ်မှာစိုးလို့။ ဆက်လုပ်ရင် ဆက်တိုးတက်လာမယ်။ ပိုကောင်းလာမယ်လို့ လုံးဝယုံကြည်တယ်။ တဖြည်းဖြည်း အရည်အသွေးက တက်တက်လာ တယ်။ မေးပုံပြောပုံ၊ နေပုံ ထိုင်ပုံအကုန်လုံး တက်လာတယ်"လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးထိရှိပြီး အခြားတိုင်းနှင့် ပြည်နယ်တွေထက် အမျိုးသမီးပါဝင်မှုနှုန်း ပိုမိုများပြားပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေလည်း ၁၃ ဦးရှိပေမယ့် ဒီနေ့အချိန်ထိတော့ အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး သီးသန့် အဆို၊ မေးခွန်း မေးမြန်းတာတွေတော့ မရှိသေးပါဘူး။ ဒါပေမယ့် လွှတ်တော်မှာတော့ ရေးရာကော်မတီ ၁၁ ခုရှိပြီး ကော်မတီ ၄ ခုမှာ အမျိုးသမီး ၄ ဦးကိုတော့ ကော်မတီဥက္ကဋ္ဌနေရာတွေ တာဝန်ပေးထားတာရှိပါတယ်။ ကျန်တဲ့ လွှတ်တော်သက်တမ်း အတွင်းမှာ ဥပဒေနဲ့ဆက်စပ်တဲ့ အမျိုးသမီးကဏ္ဍရပ်တွေမှာတော့ မေးခွန်းမေးမြန်းဖို့ စီစဉ်နေတယ်လို့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တဦးကလည်း ပြောပါတယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေတင်မက ပါတီဝင်အားလုံးကိုလည်း ပါတီရဲ့ မူဝါဒနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ကြဖို့ကို တိုင်းပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီးချုပ်က တိုက်တွန်းပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024