ရခိုင်တွင်ခရီးသည်တင်ကားချောက်ထဲထိုးကျ၍ ၅ ဦးသေဆုံး၊ ၁၁ ဦးပြင်းထန်ဒဏ်ရာရ
DVB
·
March 5, 2018
ရခိုင်ပြည်နယ် သံတွဲကနေ စစ်တွေကို မောင်းနှင်လာတဲ့ ခရီးသည်တင်ကားတစီး ချောက်ထဲကို ထိုးကျခဲ့တာကြောင့် ကားပေါ်ပါလာတဲ့ ခရီးသည် ၅ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာရသွားပါတယ်။
မတ်လ ၄ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က မအီနဲ့ အမ်းကြားမှာတောင်ကုန်းကို တက်ရာကနေ ချောက်ထဲထိုးကျသွားတာဖြစ်ပါတယ်။
အမ်းမြို့မရဲစခန်းက စခန်းမှူးကျော်ဝင်းက "ကျနော်တို့ အခုသေဆုံး အလောင်းတွေ သယ်ယူနေပါတယ်။ အားလုံးစုစုပေါင်း ၅ ယောက်သေဆုံးပါတယ်။ ပြင်းထန်ထိခိုက် ဒဏ်ရာရတာကတော့ ၁၃ ယောက်ရပါတယ်။ ကျန်တဲ့ ၃၃ ယောက်ကတော့ ထိခိုက် ဒဏ်ရာရတယ်။ ပြင်းထန်ဒဏ်ရာရတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံပို့ထား ပြီးပါပြီ"လို့ ဒီဗွီဘီကိုပြောပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာကိုရောက်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကို ဆေးရုံကို ပို့ဆောင်ပေးနေတဲ့ကိုဝဏ္ဏစောက "အခု ကားထဲမှာအလောင်းညှပ်နေလို့ ဆွဲထုတ်နေ ကြပါတယ်။ သေဆုံးတာကအားလုံး ၅ ယောက်ပါ။ အကုန်ဆေးရုံ ပို့လိုက်ပြီ။ လောလောဆယ် ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ အခင်းဖြစ်နေရာမှာ ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေ ကြပါတယ်လို့"ပြောပါတယ်။
အခုထိုးကျသွားတဲ့ကားဟာ စစ်တွေ၊အမ်း၊မအီ၊ တောင်ကုတ်၊ သံတွဲခရီးတွေကို ပြေးဆွဲနေတဲ့ ရခိုင်အားမာန်ကားတစီးဖြစ်ပြီး တောင်ကုန်းတက်ရာပေ ၂၀၀ ဝန်ကျင် ရှိတဲ့ချောက်ထဲကို ထိုးကျသွားဖြစ်ပါတယ်။
ကားပေါ်ပါလာတဲ့ ခရီးသည်စာရင်းနဲ့ သေဆုံးဒဏ်ရာရသူတွေ အမည်တွေ အသေးစိတ် ကိုတော့ မသိရှိသေးပါဘူး။
လတ်တလောမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးအလောင်းတွေကို ဆေးရုံကို ပို့ဆောင်နေတာကြောင့် အသေးစိတ်ကို နောက်မှပြောလို့ရမယ်လို့ အမ်းမြို့မရဲ စခန်းမှူးက ပြောပါတယ်။
သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ဟန်မင်းလှိုင်