Home
ဆောင်းပါး
တစတစ ဘေးသင့်လာနေတဲ့ သတင်းသမားနဲ့ နှိပ်ကွပ်ခံအမှန်တရား
DVB
·
March 5, 2018
နိုင်ငံတကာမှာ သတင်းသမားတွေ ထိုးနှက်တိုက်ခိုက်ခံရတာ၊ ဖမ်းဆီးခံရတာ၊ အသတ်ခံရတာတွေကို ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစပြီး ကြားလာခဲ့ရတာ ခုဆို ဆယ်စုနှစ်တခုနီးပါး ဖြစ်လာခဲ့ပါပြီ။ အရင်တုန်းက ဒီလိုအဖြစ်မျိုးတွေ ရှိခဲ့ဖူးပေမယ့် အတော်လေး ကျဲပါးတယ်လို့ ပြောလို့ရပါတယ်။ အဲဒီလို သတင်းသမားတွေကို ရန်ပြုတိုက်ခိုက်တာတွေ၊ ဖမ်းဆီးအကျဉ်းချတာတွေနဲ့ လုပ်ကြံသတ်ဖြတ်တာတွေဟာ အများအားဖြင့် အာဏာရှင်နိုင်ငံတွေမှာ အထူးသဖြင့် စစ်အာဏာရှင် အစိုးရတွေ အုပ်ချုပ်မင်းလုပ်နေတဲ့ နိုင်ငံတွေမှာ အဖြစ်များပါတယ်၊ အတွေ့ရများပါတယ်။ အဲဒီလို အဖြစ်တွေများလာတဲ့အချိန်မှာ အတော်ကြီး ဝမ်းနည်းစိတ်မကောင်းစရာ ဖြစ်ခဲ့ရတဲ့ အဖြစ်တခုကတော့ စလိုဗက်ကီးယား စုံစမ်းစစ်ဆေးဖော်ထုတ်ရေး သတင်းသမား ချစ်သူစုံတွဲ နှစ်ယောက်ကို စလိုဗက်ကီးယားနိုင်ငံ ဗယ်လ်ကာမာကာမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အဖြစ်ပါပဲ။ ဥရောပနဲ့ စလိုဗက် အာဏာပိုင်တွေကတော့ စုံစမ်းစစ်ဆေးဖော်ထုတ်ရေး သတင်းသမား Ján Kuciak နဲ့ သူ့ရဲ့ချစ်သူ Martina Kusnirova တို့နှစ်ယောက်ကို ခုလို လုပ်ကြံသတ်ဖြတ်လိုက်တာဟာ Ján Kuciak ရဲ့ ဗဟိုဥရောပနိုင်ငံတွေမှာ ဖြစ်နေတဲ့ လိမ်လည်မှုတွေကို စုံစမ်းထောက်လှမ်း သတင်းပို့ဖို့ လုပ်ခဲ့တဲ့အတွက်ပဲ ဖြစ်တယ်လို့ ယုံကြည်ထားကြတယ်လို့ ဆိုပါတယ်။ အသက် ၂၇ နှစ်ပဲရှိသေးတဲ့ Ján Kuciak နဲ့ သူ့မိန်းကလေး Martina Kusnirova ဟာ မြို့တော် ဘရာတစ်ဆလာဗာရဲ့ အရှေ့ဘက်မှာရှိတဲ့ ဗယ်လ်ကာမာကာက သူတို့ရဲ့တိုက်ခန်းမှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ Kuciak က စလိုဗက် အခွင့်ထူးခံ လူတန်းစားတွေကြားမှာ ဖြစ်နေတဲ့ အခွန်ရှောင်မှုတွေကို သတင်းပေးပို့ဖို့ အစီရင်ခံဖို့ ကြိုးစားနေတဲ့သူဖြစ်ပြီး မနှစ်ကတည်းက သူသတင်းရေးသားနေတဲ့ စီးပွားရေးလုပ်ငန်းရှင် Marian Kocner ရဲ့ ခြိမ်းခြောက်မှုတွေကို ခံခဲ့ရပေမယ့် ပုလိပ်တပ်ဖွဲ့က ဘာမှ အရေးယူဆောင်ရွက်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ တနင်္ဂနွေနေ့ သတ်ဖြတ်မှုကတော့ Kuciak ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို အကြောက်တရားနဲ့ စိတ်ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ Kuciak က အခွန်နဲ့ အစိုးရထောက်ပံ့ငွေတွေနဲ့ ပတ်သက်ပြီး စီပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသဆိုင်ရာ နိုင်ငံရေးသမားတွေအကြား အဆက်အစပ်တွေကို သတင်းရယူပေးပို့ ဖော်ထုတ်ဖို့ ကြိုးစားနေတဲ့သူဖြစ်တယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေက သိထားခဲ့ကြပါတယ်။ တကယ်လည်း သူက အရှေ့စလိုဗက်ကီးယားက အီတလီစီးပွားရေးသမားတွေနဲ့ မာဖီးယားဂိုဏ်းတွေနဲ့ သံသယဖြစ်စရာ အဆက်အစပ်တွေကို စုံစမ်းထောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သတင်းဆောင်းပါးကို အဆုံးမသတ်ရသေးခင်မှာပဲ သူနဲ့ မေလမှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ သူ့ချစ်သူ Martina Kusnirova တို့ဟာ သူတို့ရဲ့တိုက်ခန်းမှာ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့သတင်းဆောင်းပါးကိုတော့ သူသေဆုံးပြီးမှပဲ စလိုဗက်နဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြပေးခဲ့ကြပါတယ်။ Kuciak အသတ်ခံရမှုဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေတဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့ ဝန်ကြီးချုပ် ဖီကိုရဲ့ စိတ်ပျက်စရာ သုံးပါတီညွန့်ပေါင်းအစိုးရအဖွဲ့ကို မကျေမနပ်ဖြစ်နေတဲ့ ပြည်သူလူထုရဲ့ဒေါသကို ပိုပြီး ကြီးထွားလာစေခဲ့တယ်လို့ ပြောရမှာပါပဲ။ Kuciak ရဲ့ အငယ်တန်းသတင်းထောက် တယောက်ကတော့ ပြည်တွင်းရေးရာ ဝန်ကြီးကို ထုတ်ပယ်ပစ်ဖို့နဲ့ ဒီအမှုကို နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြပါတယ်။ ဒီသတင်းသမားနှစ်ယောက် အသတ်ခံရမှုအတွက် ပြည်သူလူထုတွေက “သတင်းသမားတွေကို တိုက်ခိုက်တာဟာ ကျနော် ကျမတို့ကို တိုက်ခိုက်တာပါပဲ” ဆိုတဲ့ ခေါင်းစီးအလံတွေနဲ့ နောက်ဘက်မှာတော့ အသတ်ခံခဲ့ရတဲ့ သတင်းသမားစုံတွဲရဲ့ ဓာတ်ပုံတွေ ကိုင်စွဲပြီး ငြိမ်ငြိမ်သက်သက် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ တချို့က ဖယောင်းတိုင်တွေထွန်းပြီး လမ်းလျှောက်ခဲ့ကြပါတယ်။ အဲဒီလို ပြည်သူလူထုရဲ့ ဆန္ဒပြ ကန့်ကွက်မှုတွေဟာ ဒါဇင်နဲ့ချီတဲ့ စလိုဗက်ရဲ့ တခြားမြို့ကြီးတွေနဲ့ ဥရောပ တခွင်လုံးမှာရှိတဲ့ မြို့ကြီးတွေမှာ ကျင်းပဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ မြို့တော် ပရတ်ခ်မှာတောင် လူရာနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ စလိုဗက်သမ္မတနိုင်ငံရဲ့ အစိုးရအဖွဲ့ရုံးရှေ့မှာလည်း အသတ်ခံခဲ့ရတဲ့ သတင်းသမား Kuciak နဲ့ သူ့ချစ်သူ Martina Kusnirova ကို ဂုဏ်ပြုချီးကျူးတဲ့အနေနဲ့ ဖယောင်းတိုင်ထွန်း ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ Kuciak လုပ်ကြံသတ်ဖြတ်ခံရမှုဟာ စလိုဗက်ကီးယားမှာ ပထမဆုံး အထောက်အထားရှိ လူသတ်မှုတခုဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က ဥရောပမှာ ပဉ္စမမြောက်အမှု ဖြစ်တယ်လို့ နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ကဆိုပါတယ်။ အဲဒီလူသတ်မှုအတွက် ပုလိပ်တပ်ဖွဲ့က သံသယရှိသူ ၇ ယောက်ကို ဖမ်းဆီးမှုပြုလုပ်ခဲ့ပြီး Kuciak ရဲ့ နောက်ဆုံးရေးသားတင်ပြမှုအရ ပတ်သက်မှုရှိတယ်လို့ သံသယရှိစရာရှိတဲ့သူတွေရဲ့ နာမည်တွေကိုလည်း ဖော်ထုတ်တင်ပြပေးခဲ့ပြီးပါပြီ။ Kuciak နဲ့ သူ့ချစ်သူ သတင်းထောက်မလေးတို့ရဲ့ အသတ်ခံရမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလမှာ ၁၀ နှစ်တာ အုပ်ချုပ်ခဲ့တဲ့ ဖီကိုနဲ့ သူ့ရဲ့ပါတီကိုပါ ရိုက်ခတ်ခဲ့ပါတယ်။ “ဖီကိုပေါ်မှာ ဖိအားတွေ ပိုများလာပါတယ်။ ပြည်ထဲရေးဝန်ကြီး ရောဘတ် ကာလီနက်  နုတ်ထွက်မှုဟာ အစိုးရအဖွဲ့ ဆက်လက်ရှင်သန်ရေးအတွက် အခြေအနေတရပ် ဖြစ်သွားစေပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဂရီဂိုရီ မက်ဇ်နီကော့ဗ်က ပြောကြားခဲ့ပါတယ်။ တကယ်တော့ ဝန်ကြီးချုပ် ဖီကိုကလည်း တခါက စာနယ်ဇင်းသမားတွေကို ညစ်ပတ်တဲ့ စလိုဗက်ဆန့်ကျင်ရေး ပြည့်တန်ဆာတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးတာကြောင့် သတင်းမီဒီယာတွေကတော့ သူ့ကို ဖိအားပေး မေးခွန်းထုတ်လာကြတာဟာ အဆန်းတော့ မဟုတ်ဘူးလို့ ပြောရမှာပါပဲ။ ဒါပေမယ့် ခုသတင်းသမား Kuciak နဲ့ သူ့ချစ်သူတို့ အသတ်ခံရတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး သတင်းပေး အကူအညီပေးနိုင်သူကို ယူရိုငွေ တသန်း ချီးမြှင့်မယ်လို့ ကမ်းလှမ်းထုတ်ပြန်ထားတော့ စဉ်းစားစရာ ဖြစ်နေပြန်ပါတယ်။ ဝန်ကြီးချုပ် ဖီကို အစိုးရဟာ အမှန်တရားနဲ့ တရားမျှတမှုဘက်က အမြဲရပ်တည်ဖို့ ကြိုးစားနေတဲ့၊ အလုပ်အကျွေးပြုဖို့ ကြိုးစားနေတဲ့ သတင်းမီဒီယာတွေကို တကယ်ပဲ အသိအမှတ်ပြု အကူအညီတောင်းတာလား၊ ဒါမှမဟုတ် ဟန်ပြသက်သက်လုပ်ပြပြီး သတင်းမီဒီယာတွေကို အပြစ်ဖို့ ဖိအားပေးဖို့ ကြိုးစားနေတာလား ဆိုတာကို စဉ်းစားစရာဖြစ်ပါတယ်။ ဒါပေမယ့် ဖီကိုဟာ သူ့ပါတီရဲ့ ဦးတည်ရပ်တည်ချက်ဟာ ဘာဆိုတာကို အသေအချာ ပြန်ဆန်းစစ်မယ်ဆိုရင် မြင်သာထင်ရှား ဖြစ်လာမယ်ဆိုတာကတော့ သေချာပါတယ်။ ကျနော်တို့ သတိထားရမှာက အဲဒီလို နိုင်ငံတကာအရေးကိစ္စတွေ ကြုံရတဲ့အခါမှာ ဘယ်လိုဖြစ်ခဲ့တာလဲ၊ ဘယ်သူတွေက ဘာတွေပြောပြီး ဘာတွေလုပ်ခဲ့ကြသလဲ၊ ပြဿနာရော တကယ်ပြေပျောက်သွားရဲ့လား၊ ဖြစ်လာနိုင်စရာ ပြဿနာတွေအတွက် ရေခံမြေခံတွေကို ဖန်တည်းပေးခဲ့သလား ဆိုတာတွေကို အသေအချာ ဆန်းစစ်ဝေဖန် ဆုံးဖြတ်လို့ရနိုင်မယ် ထင်ပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ယုံကြည်မှုအရတော့ သတင်းသမားဆိုတာဟာ အမှန်တရားဘက်က ရပ်တည်ရမယ်၊ အမှန်တရားကို ထိပါးနှောင့်ယှက်လာတာနဲ့ ရဲရဲတင်းတင်း ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အမှန်တရားကို ဖော်ထုတ်ဖို့ ပြည်သူလူထုကို ဖြစ်ရပ်မှန်အတိုင်း တင်ပြအသိပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် ခု ကျနော်တို့ မြန်မာနိုင်ငံမှာလည်း သတင်းသမားတွေအပေါ် အစိုးရနဲ့ အာဏာကို ထိန်းချုပ်ထားဆဲ စစ်အာဏာရှင်တွေက အမြင်တိမ်းစောင်း တခါတရံ ရန်သူတွေလိုတောင် သဘောထား အမျိုးမျိုးဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုတွေ လုပ်နေသလို၊ ဖမ်းဆီးတရားစွဲ ထောင်ချတာတွေ လုပ်နေသလို ချောင်းမြောင်းတိုက်ခိုက်၊ သတ်ဖြတ်တာမျိုးတွေအထိ လုပ်လာကြတာကို တွေ့လာရတဲ့အတွက် သတင်းသမားတွေအနေနဲ့ လုံခြုံရေးကို အထူးသတိထားဖို့၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တတ်ဖို့ လိုအပ်လာပြီး သတိရှိကြပါလို့ ပြောချင်ပါတယ်။ တပြိုင်နက်တည်းမှာပဲ အန္တရာယ်ရှိလာ၊ အုပ်စိုးသူတွေကလည်း နှိပ်ကွပ်လာတဲ့အတွက် အမှန်တရားကို ဖော်ထုတ်တင်ပြဖို့ နောက်တွန့်မသွား သွေးကြောင်မသွားကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ အမှန်တရားဘက်က ရဲရဲတင်းတင်း ရပ်တည်၊ အမှန်တရားဘက်က ခုခံကာကွယ်ကြရမယ့် သတင်းသမားတွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ခိုင်မာအားကောင်းဖို့အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက တာဝန်ယူ ဆောင်ရွက်နေတဲ့သူတွေ ဖြစ်တယ်လို့ ယုံကြည်ထားကြဖို့ ကိုယ့်အလုပ်နဲ့ တာဝန်ကို လေးစား တန်ဖိုးထား ဂုဏ်ယူတတ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။        ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024