ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသူများထံ မြန်မာလူကယ်ပြန်ဝန်ကြီး သွားရောက်
DVB
·
March 4, 2018
မြန်မာနိုင်ငံက လူကုန်ကူးခံရသူတွေရှိတဲ့ ထိုင်းနိုင်ငံက စောင့်ရှောက်ရေးစင်တာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက် လေ့လာခဲ့ပါတယ်။
မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက Nonthaburi ခရိုင်မှာရှိတဲ့ လူကုန်ကူးခံရသူများ စောင့်ရှောက်ရေး စင်တာကို သွားရောက်ပြီး လူကုန်ကူးခံရသူတွေကို ကယ်တင်တာ၊ စနစ်တကျ ကာကွယ်စောင့်ရှောက်တာ၊ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်တာကို လေ့လာပြီး နိုင်ငံချင်း ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ဖြေရှင်းဖို့ လိုအပ်တဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးဌာက ထုတ်ပြန်ပါတယ်။
အဲဒီစင်တာမှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့က လူကုန်ကူး ခံရသူတွေကို စောင့်ရှောက်ထားပါတယ်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားလုံခြုံရေး ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး Anantaporn Kanjanarat နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ လုပ်နေတဲ့ လူသားလုံခြုံရေးနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ သင်တန်းတွေ ဆက်ဖွင့်ရေး၊ ထိုင်းနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြည်သူအချင်းချင်း စောင့်ရှောက်မှု နည်းလမ်း အစီအစဉ်တွေ လက်တွေ့ကျင့်သုံးနေတာ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် မတ် ၃ ရက် မနက်ပိုင်းမှာ ချင်းရိုင်မြို့က မယ်ဖလောဝ်ဖောင်ဒေးရှင်း တည်ထောင်သူ Mr. Khun Chai နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ ထိုင်းနဲ့ မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ဖွင့်ပေးနေတာ၊ မြန်မာနိုင်ငံကို မိမိဆန္ဒအလျောက် ပြန်လည်ပေါင်းစည်းမယ့် တိုင်းရင်းသားတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်နိုင်မယ့် အခြေအနေ စတာတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။