အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းမည်
ပီတာအောင်
·
May 21, 2012
အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီဟာ ဗဟိုအလုပ်မှုဆောင် တချို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ် တဝက်လောက် ပါတီဝင်အဖြစ်ကနေ နုတ်ထွက်သွားပြီးနောက် ပါတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ပြင်ဆင်နေတယ်လို့ ပါတီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပါတီရဲ့ ခေါင်းဆောင်ပိုင်းကို ပြန်လည်အားဖြည့်ဖို့နဲ့ လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ပါတီကို ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ အန်ဒီအက်ဖ်ပါတီ မူဝါဒရေးရာခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
“ကျနော်တို့က ပြောင်းလဲဖွဲ့စည်းမှာမဟုတ်ဘူးဗျ၊ ပြန်လည်ပြင်ဆင် တိုးချဲ့မှာပါ။ စီအီးစီမှာ အားနည်းနေလို့၊ လူနည်းတာပေါ့ဗျာ။ နောက်တခါ ရွေးကောက်ပွဲကို ဖြတ်သန်းပြီးတဲ့အခါမှာ ကျနော်တို့ လှုပ်ရှားမှုအပိုင်းမှာ ဘယ်လို ဆောင်ရွက်ကြမလဲ၊ နည်းဗျူဟာပိုင်းက ဘယ်လိုလုပ်မလဲ၊ စည်းရုံးရေး ဖွဲ့စည်းရေးမှာ ဘယ်လိုလုပ်မလဲ ဆိုတဲ့ဟာတွေကို ကျနော်တို့ စဉ်းစားပြီးတော့ မူချဖို့ပါ။ မူချတဲ့အခါမှာ လူတွေကလည်း ထွက်တဲ့လူတွေက ဗဟိုအဆင့်က ၃ ယောက်လောက် ထွက်သွားတယ်။ အမတ် ၂ ယောက်နဲ့ စီးအီးစီ ၁ ယောက် ထွက်သွားတော့ အဲနေရာတွေက အစားဖြည့်ဖို့ လိုပါတယ်။ ”
အန်ဒီအက်ဖ်ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာရော ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲကာလမှာပါ ပါတီရဲ့ ဗဟိုအလုပ်အမှု ဆောင်တချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်တဝက် နုတ်ထွက်မှုနဲ့ ကြုံခဲ့ရတာပါ။
၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ပါတီသစ်ထူထောင်သွားတဲ့ ဦးသိန်းညွန့် အပါအဝင် လွှတ်တော်အမတ် ၅ ဦးလောက် နုတ်ထွက်သွားပြီး ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကာလမှာတော့ အန်အယ်လ်ဒီပါတီကို ကူးပြောင်းသွားတဲ့ ဒေါက်တာ မြတ်ဥာဏစိုး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် နောက်ထပ် ၃ ဦး ပါတီက နုတ်ထွက်သွားခဲ့တာပါ။
ပါတီကို မူလက ဗဟိုအလုပ်အမှုဆောင် စီအီးစီ ၁၅ ဦးနဲ့ဖွဲ့စည်းထားရာက ၂၅ ဦးထိ တိုးချဲ့ဖွဲ့စည်းသွားမှာဖြစ်ပြီး ဒီလိုတိုးချဲ့ဖွဲ့စည်းဖို့အတွက် လာမယ့် ဇွန်လ ဒုတိယပတ်လောက်မှာ ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ဗဟိုအအဆင့် အစည်း အဝေး ခေါ်ယူရွေးချယ်မှာဖြစ်ပြီး အဲဒီအစည်းအဝေးကနေ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပါတီလုပ်ငန်းစဉ် မူဝါဒသစ်တွေ ချမှတ်သွားမယ်လို့လည်း ဦးခင်မောင်ဆွေက ပြောပါတယ်။
“ဇွန်လလယ်လောက်မှာ နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအစည်းအဝေးခေါ်ပြီး သဘောထားတွေ မေးမြန်းပြီးတော့ လူဖြည့်တာရော၊ တိုးချဲ့တာရော၊ တာဝန် အသီးသီး ခွဲဝေပေးတာရော တော်တော်တိတိကျကျနဲ့ ထိရောက်တဲ့ ကျနော်တို့ ပါတီလုပ်ငန်းစဉ်တခုကို ချမှတ်ဖို့။ အဓိကကတော့ ပါတီတွင်း ဒီမိုကရေစီကို အပြည့်အဝကျင့်သုံးရေးပေါ့။ နောက်ပြီးတော့ ဖွဲ့စည်းရေးမှာ ဘယ်လိုဖွဲ့စည်းသွားမလဲ၊ ရွေးကောက်ပွဲကာလကျရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းတွေကို တိတိကျကျ ကျနော်တို့ မူချဖို့ပါပဲ။”
အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ချိန်မှာ ပါတီဝင်ဟောင်းတွေက တည်ထောင်ခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ အန်ဒီအက်ဖ်ပါတီက လွှတ်တော် ၃ ရပ်စလုံးမှာ ၁၆ ဦး ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။
ခုလက်ရှိအချိန်မှာတော့ ၈ ဦးနုတ်ထွက်သွားတဲ့အတွက် ပြည်သူ့လွှတ်တော် မှာ ၄ ဦး၊ အမျိုးသားလွှတ်တော်မှာ ၂ ဦးနဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ ၂ ဦး စုစုပေါင်း ၈ ဦးကျန်ရှိပါတယ်။ ပါတီဝင်အင်အားကတော့ တနိုင်ငံလုံးမှာ ခန့်မှန်းချေ ၈ ထောင်ကနေ ၁ သောင်းနီးပါးရှိမယ်လို့ပါတီက ခန့်မှန်းထားပါတယ်။