လီဗာပူးက နယူးကာဆယ်ကို အနိုင်ရပြီး အဆင့် ၂ နေရာ တက်လှမ်း (ရုပ်သံဟိုက်လိုက်)

1.2K
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နာမည်ကြီး လီဗာပူးအသင်းက နယူးကာဆယ် ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ကော်တင်ဟိုကို ရောင်းချပြီး တိုက်စစ်ပိုင်း ပိုမိုအစွမ်းထက်လာတယ်လို့ နည်းပြဖြစ်သူက ပြောကြားထားတဲ့ လီဗာပူးဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ဘောလုံးပိုင်ဆိုင်မှုမှာ နယူးကာဆယ်အသင်းကို ၇၂ ရခိုင်နှုန်းအထိ အသာစီးယူကစားနိုင်ခဲ့ပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၄၄ မိနစ်နဲ့ ၅၅ မိနစ်တွေမှာ တိုက်စစ်မှူး ဆာလက်ခ်ျနဲ့ မိန်းတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။
လီဗာပူးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၆၀ နဲ့ ဒုတိယနေရာထိ တက်လှမ်းနိုင်ခဲ့ပြီး တတိယနေရာက မန်ချက်စတာ ယူနိုက်အသင်းကတော့ တပွဲလျော့ ရမှတ် ၅၉ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
မန်ယူအသင်းဟာ မတ် ၆ ရက်နေ့မှာ တန်းဆင်းဇုန်ထဲ ရုန်းကန်နေရတဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
တန်းမဆင်းရရေး ကြိုးစားရုန်းကန်နေရတဲ့ နယူးကာဆယ်အသင်းကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၂၉ မှတ်နဲ့ တန်းဆင်းဇုန် ထိပ်ဆုံးက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။