မုံရွာစည်ပင်အမှိုက်ကားနှင့် ဆိုင်ကယ်တိုက် ၁ ဦးသေဆုံး
Aung Ko Latt
·
March 3, 2018
မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီ အမှိုက်သိမ်းယာဉ်နဲ့ ဆိုင်ကယ်တစ်စီးတို့ မတ် ၃ ရက်နေ့ မနက်ပိုင်းက မတော်တဆတိုက်မိတဲ့အတွက် ဆိုင်ကယ်စီးလာသူ ၁ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကျောက္ကာလမ်းအတိုင်း မောင်းနှင်လာတဲ့ စည်ပင်အမှိုက်သိမ်းယာဉ်က အိမ်စီးကားတစ်စီးကို ကျော်တက်ရာမှ အနက်ရောင်ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာက အသက် ၄၂ နှစ်အရွယ် ဦးတင်မောင်ဝင်းဆိုသူမှာ ဦးခေါင်းကွဲ၊ ဆီးခုံစုတ်ပြဲဒဏ်ရာတွေနဲ့ ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့တယ်လို့ ဒီဗွီဘီနယ်ခံသတင်းထောက် ပြောပါတယ်။
ဆိုင်ကယ်နောက်က လိုက်ပါလာတဲ့ ဒေါ်သန်းဆင့်မှာ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာနှင့် ခန္ဓာကိုယ်ပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ပြီး စိုးရိမ်ရအနေအထားနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူနေရပါတယ်။
ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ သက်နိုင်ဦးကို အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။