Home
မြန်မာသတင်း
သာစည်မြို့နယ်ထဲက ကျေးရွာအချို့ ကားသွားနိုင်သည့်လမ်း လိုအပ်နေ
DVB
·
March 3, 2018
သာစည်မြို့နယ်ထဲက တောင်ပေါ်ရွာ ၃ ရွာဖြစ်တဲ့ မျက်နီကျင်းရွာ သက်ကယ်ထိပ်ရွာ ဖိုးသာနှိုင်းရွာတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်မှာ ရှိပြီး ကျေးရွာလူထုရဲ့ ဘဝတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ကားသွားနိုင်တဲ့ လမ်းလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးမိုးမြင့်းသိန်းက “သိပ်မဝေးပေမယ့် သိပ်ခေါင်တဲ့ရွာတွေပါ။ သာစည်မြို့ကို အပေါ်စီးက ငုံ့ကြည့်နေတဲ့ရွာဆိုလည်း မမှားဘူးဗျ။ တောင်ပေါ်ရွာတွေပေါ့။ မျက်နီးကျင်းရွာရယ်၊ သက်ကယ်ထိပ်ရွာရယ်၊ ဖိုးသာနှိုင်းရွာရယ် ရွာ ၃ ရွာ ကပ်ရက်လို ရှိနေတယ်။ ပြည်မထဲမှာရှိပြီး သွားလာဆက်သွယ်ရ ခက်နေတယ်။ လွှတ်တော်ကိုတင်ပြထားတယ်။ အဲဒီမှာနေတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေအတွက် ကားသွားနိုင်တဲ့လမ်း လိုတယ်။ အခုက ဆိုင်ကယ်တောင် ထမ်းရတဲ့နေရာတွေ ရှိနေတယ်။ သွားလာရေးခက်တော့ ဖွံ့ဖြိုးမှုနောက်ကျတယ်။ တိုင်းဒေသကြီးလွှတ်တော် ရန်ပုံငွေသိန်း ၅၀ ကျတယ်။ အဲဒါကလည်း ၂၅ မိုင်လောက် ဝေးတဲ့လမ်းကို ဆင့်ပါးစပ် နှမ်းပက်နေသလိုပါပဲ။ ဟိုဖို့ဒီပြင်ဆို ကုန်ပြီပေါ့” လို့ ပြောပါတယ်။ ရွာအုပ်ချူပ်ရေးမှူး ဦးကျော်နိုင်က “ရွာတရွာရဲ့ လူနေမှုစနစ်၊ ဖွံ့ဖြိုးဖို့က လမ်းကအဓိကပါပဲ။ မိုးတွင်းဆို သွားမရသလောက်ပဲ။ ရွာဦးကျောင်း ဆရာတော်ဦးဆောင်ပြီး ရွာလူထုနဲ့ ဆိုင်ကယ်လောက်တော့ သွားလို့ရအောင် ပြင်ထားတယ်။ လွှတ်တော်ရန်ပုံငွေ သိန်း ၅၀ က ထွန်စက်လောက်ပဲ ငှားပြီးပြင်နိုင်တယ်။ အခုလို ပြင်ထားတာတောင်မှ ဆိုင်ကယ်ကို ဟိုနား ဒီနားတွန်းပဲ သွားလို့ရတယ်။ ဆိုင်ကယ်နဲ့ သွားလို့ရတာတောင် ၃ နှစ်ပဲ ရှိသေးတယ်” လို့ ပြောပါတယ် လမ်းကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းက “အရင်က မြို့သွားမယ်ဆို လမ်းမှာညအိပ်ပေါ့။ ရွာကမဖွံ့ဖြိုးတော့ ကားလမ်းဆိုတဲ့အဆင့် မလုပ်နိုင်သေဘူး။ အစိုးရအနေနဲ့ လုပ်ပေးမှ ဖြစ်မှာပါ” လို့ ပြောပါတယ်။ မျက်နီကျင်းရွာ ဦးကျောင်းဆရာတော် ‎ဥူးပဏ္ဏိတ ဦးစီးပြီး ရွာလူထုနဲ့ ဆိုင်ကယ်လမ်း လုပ်ထားပါတယ်။ သာစည်မြို့နဲ့ ၂၅ မိုင်လောက်ဝေးတဲ့ အနက် တောင်ကြားမြေသားလမ်း ၁၆ မိုင်ကျော်ကို မိုးကုန်လို့ ပြင်ထားတာပါ။ မျက်နီကျင်း သက်ကယ်ထိပ် ဖိုးသာနှိုင်း ရွာ ၃ ရွာဟာ တရွာကို အိမ်ခြေ ၁၀၀ ကျော် စီရှိကြပြီး ရွာတရွာမှာ လူဦးရေ ၆၀၀ လောက် နေထိုင်ပြီး အများစုကတော့ တောင်ယာလုပ်ငန်းပဲ လုပ်ပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024