Home
မြန်မာသတင်း
တနင်္သာရီမြို့တွင် ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းစာပင်စိုက်ခင်းများ မီးရှို့ဖျက်ဆီး
DVB
·
March 3, 2018
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်း ကျေးရွာနဲ့ ဘန်ကျုတ်ချောင်းရဲ့ တစ်ဖက်ကမ်း ကမ်းနား တလျောက် ဒေသအခေါ် ငှက်ကြီးအိုင် စိမ့်ပြားမြေပေါ်မှာ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းစာပင် စိုက်ခင်း ၁၀၀၀ လောက်ကို မတ် ၂ ရက်နေ့က အဖွဲ့ပေါင်းစုံနဲ့ သွားရောက်ခုတ်ထွင် မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။ တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာနဲ့ ဘန်ကျုတ်ချောင်းအတွင်း စိုက်ပျိုးထားတဲ့ ဘိန်းစာပင်စိုက်ခင်းတွေဟာ ပိုင်ရှင်မဲ့အပင်တွေနဲ့ ဒေသခံ ဥယျာဉ်ခြံမြေ ပိုင်ရှင်တွေ စိုက်ပျိုးထားတဲ့ အပင်တွေဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက သတင်းပေး တိုင်ကြားချက်အရ မြိတ်ခရိုင် ရဲတပ်ဖွဲ့ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွန်းက “ဒီမှာတော့ ဘိန်းစာပင်ခင်းတွေ ရှိနေပါတယ်။ ဒေသခံတွေက ပြောလို့ သိရတာပါ။ ဒါကို သိရလို့ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေကို မြေပြင်အထိ ကွင်းဆင်းပြီး မီးရှို့ဖျက်ဆီးတာပါ။ အပင်ကတော့ ၈၀၀ ကျော် ၉၀၀ နီးပါးလောက် ရှိပါတယ်။ ကာလတန်ဖိုး ပေါက်ဈေး အနေနဲ့ကတော့ ကျပ်သိန်းပေါင်း ၃၀၀ ကျော် ရှိပါတယ်။ ပိုင်ရှင်ကတော့ ဘယ်သူ မည်ဝါ ဖြစ်မလဲ ဆိုတာ အတည်ပြု စုံစမ်းနေဆဲ ဖြစ်တယ်’’ လို့ ပြောပါတယ်။ အပင် ၉၄၀ ရှိပြီး အမြင့်ပေ ၈  ပေ နဲ့ ၁၂ ပေ အထိ၊ ပင်စည် ၃ လက်မ ပတ်လည်ရှိ စိုက်ခင်း နေရာ ၅ နေရာက အပင်တွေကို အဖွဲ့ပေါင်းစုံနဲ့ မီးရှို့ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။ “ဒီဒေသ အခေါ် ဘိန်းစာပင်ပေါ့နော အဖွဲ့ပေါင်းစုံနဲ့ လာပြီး မီးရှို့ဖျက်ဆီးတာပါ။ ဒါက နှစ်စဉ် နှစ်တိုင်း လာပြီးတော့ မီးရှို့ဖျက်ဆီးနေကျပါ။ ဒေသမှာ သီးနှံစိုက်ပျိုးလို့ ရတဲ့ ဧရီယာတွေမှာ ဒေသခံတွေ သီးခြား ခူးစားဖို့ သီးသန့် စိုက်နေကျဆိုတော့ နှစ်စဉ် လာရောက် ဖျက်ဆီးနေကြ ဆိုတော့ ဘာမှတော့ မထူးခြားပါဘူး။ ဒါက ပုံမှန် လုပ်နေကျ အလုပ်တခု လိုမျိုး ဖြစ်နေတယ်’’ လို့ တနင်္သာရီမြို့နယ် ဒေသခံတဦး ဖြစ်သူ ကိုကျော်မျိုးသန့် ပြောပါတယ်။ ဘိန်းစာပင်ဟာ တနင်္သာရီတိုင်းအတွင်းရှိ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေနဲ့ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်များရှိ ကျေးရွာတွေမှာ စိမ့်စမ်းရေ ရှိနေ နေရာတွေမှာ အများဆုံး စိုက်ပျိုးတဲ့ အပင်တမျိုး ဖြစ်ပါတယ်။ “အမှန်မှာ ဒီအပင်က ဆေးဖက်ဝင်အနေနဲ့ အသုံးပြုတဲ့ ပင်တစ်မျိုး ဖြစ်တယ်။ အဟိုးအရင်ကတည်းက တောသူတောင်သားတွေ အဆက်ဆက် အသုံးပြုလာတဲ့ ဘက်စုံသုံးတဲ့ ဆေးပင်ပါ။ ဆီးချို၊ သွေးချို၊ အနာစိမ်းရှာ၊ ဗိုလ်နာ၊ ဗိုက်အောက် စတဲ့ ရောဂါတွေဖြစ်ရင် အရွက်ကို ခူးပြီး ကျိုချက်၊ အစိမ်းစားရင်လည်း ဖြစ်ပွားတဲ့ ရောဂါတွေ ပျောက်ကင်းတယ်။ နောက်ပြီး ဥယျာဉ်မြေအလုပ်သမားတွေ ဒီအရွက်ကို စားပြီး အလုပ်လုပ်ရင် အမောခံနိုင်တယ်’’’ ဒေသခံ ဦးအောင်ဋ္ဌေးဦးက ရှင်းပြပါတယ်။ ဘိန်းစာပင်ကို လက်ရှိမှာ အရွက်ကို ကျိုချက်ပြီး ကော်ဖီမစ် အထုပ်တွေနဲ့ လျှောစပ်ခြင်း၊ အချိုရည်ရည်တွေ၊ ဒိန်ချဉ်တွေ စတဲ့ အချိုအစိမ့်ရှိသော အရည်တွေနဲ့ ရောစပ်ပြီး အလွန်အကျွံ သောက်သုံးသူ များလာရာမှ လူငယ်တွေအကြား မူးဝေ ထုံထိုင်စေသောကြောင့် မြန်မာနိုင်ငံ မူးယစ်ကင်းစေအဖွဲ့က မူးဆေးဝါးပင်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဘိန်းစာပင်ကို အလုပ်ကြမ်းလုပ်သူတွေဟာ အမောခံနိုင်ဖို့ ထိုင်းနိုင်ငံနဲ့ တနင်္သာရီတိုင်းတခွင်မှာ အရွက်ကိုရေနဲ့ ကျိုချက်ပြီး အချိုရည်တွေနဲ့ သောက်သုံးသလို မြိတ်၊ တနင်္သာရီ၊ ကျွန်းစုနဲ့ ကော့သောင်းမြို့နယ်တွေမှာလည်း အရွက်ကို နေလှန်းပြီး ထုချေပြီး အမှုန့်ပြုလုပ်ပြီး ရောင်းဝယ် စားသုံးကြပါတယ်။ ဘိန်းစာပင်တွေကို နှစ်စဉ် နှစ်တိုင်း မီးရှို့ဖျက်ဆီးနေပေမယ့် အပင်တွေ အမြစ်ပြတ် ရှင်းလင်းနိုင်ခြင်း မရှိဘဲ အကိုင်အခက်နဲ့ အပင်တွေကို ပုံမှန်အတိုင်း ဒေသခံ တောင်သူတွေဟာ ပြန်လည် စိုက်ပျိုးနေကြပြီး၊ သက်ဆိုင်ရာ လက်နက်ကိုင်တွေနဲ့ ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်နိုင်မှ ရှင်းလင်းနိုင်မယ်လို့ ဒေသခံများက ဆိုပါတယ်။ ဘိန်းစာရွက်စို ကာလပေါက်ဈေး အရွက်စို (၁) ကီလိုလျှင် ၂၅၀၀၀ ကျပ် ပေါက်ဈေး ရှိတယ်လို့လည်း သိရပါတယ်။ ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024