အသက် ၉၉ နှစ်တွင် ကမ္ဘာ့စံချိန်တင်လိုက်ပြန်သည့် အံ့ဖွယ်ရေကူးချန်ပီယံ ဖိုးဖိုး

2K
သြစတြေးလျနိုင်ငံမှ အသက် ၉၉ နှစ်အရွယ် အဘိုးအိုတဦးဟာ သက်တမ်းအလိုက် ရေကူးပြိုင်ပွဲတခုမှာ ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့တယ်လို့ မတ် ၂ ရက်နေ့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဂျော့ခ်ျကော်ရုန်းစ်ဟာ ကွင်းစလန်ပြည်နယ်မှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ အချိန် ၅၆ ဒဿမ ၁၂ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“ခုလို ရေကူးခြင်းက ကျနော့်အတွက်တော့ စံနမူနာပါပဲ။ ဟန်ချက်ညီအောင် နေထိုင်တယ်။ နောက်ဆုံးမှာ ကျနော့်ရဲ့ သန်မာတဲ့ လက်တွေနဲ့ နံရံကို ပြင်းပြင်းထိုးနိုင်ဖို့ အသင့်ရှိနေခဲ့တာ။”
သူအခု ချိုးလိုက်တဲ့ စံချိန်ကို အရင်က တင်ထားခဲ့သူကတော့ ဗြိတိန်ရေကူးသမား ဂျွန်ဟယ်ရစ်ဆန်ဖြစ်ပြီး အချိန် ၁ မိနစ်နဲ့ ၃၁ ဒဿမ ၁၉ စက္ကန့်နဲ့ တင်ထားခဲ့တာပါ။
ဘရစ္စဘိန်းမြို့မှာ နေထိုင်တဲ့ ကော်ရုန်းစ်ဟာ လာမယ့် ဧပြီလမှာ အသက် ၁၀၀ ပြည့်တော့မှာမို့ ခုလိုစံချိန်တင်နိုင်ခဲ့တာဟာ မှတ်တမ်းတခုဖြစ်သွားခဲ့ပြီဖြစ်ကာ နောက်တချိန်ဟာ အသက် ၁၀၀ နဲ့ ၁၀၄ နှစ်ကြား သက်တမ်းမှာ ပါဝင်ရတော့မယ်လို့ ဆိုပါတယ်။
သြစတြေးလျလင်းပိုင်များအမည်ရတဲ့ ရေကူးအသင်းကတော့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှာ “ကျနော်တို့ သမိုင်းမှ ဒါကို လုပ်နိုင်ခဲ့ကြောင်း သက် သေအဖြစ်မြင်ခဲ့ရပြီ”လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ကော်ရုန်းစ်ဟာ ငယ်ဘ၀မှာတည်းက ရေကူးသမားတဦးဖြစ်ချင်ခဲ့တာ ဖြစ်ပေမယ့် အသက် ၈၀ အရွယ်မှသာ ဒါကိုစတင်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်က လူငယ်တယောက်မဟုတ်ပေမယ့် ခုလိုပဲ ရှေ့ဆက်သွားမယ်။ ကျနော် ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်။”