A d v e r t i s e m e n t With Us

ကမ္ဘာ့အညစ်ညမ်းဆုံးထဲပါသည့် စစ်တာယံမြစ်ကို ၇ နှစ်စီမံချက်ဖြင့် အင်ဒိုနီးရှား သန့်စင်မည်

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်တွေထဲက တစ်စင်းဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက စစ်တာယံမြစ်ကို  ၇ နှစ် စီမံချက်နဲ့  မြစ်ကြောင်း သန့်စင် ရှင်းလင်းနေပါတယ်။ အနောက်ဂျာဗားကနေ မြို့တော် ဂျာကာတာ နားအထိ မိုင်ပေါင်း ၁၉၀ ရှည်တဲ့ စစ်တာယံမြစ်ပေါ်မှာ ရေအားလျှပ်စစ်စက်ရုံ ၃ လုံးရှိပြီး စပါးခင်း ဟတ်တာ လေးသိမ်းနီးပါးဟာ ဒီမြစ်ရေကို အမှီပြုနေတာပါ။ မြစ်ကြောင်းတလျှောက်မှာ နေထိုင်သူတွေက စွန့်ပစ်တဲ့အမှိုက်တွေ၊ အန္တရာယ်ရှိတဲ့ အထိ ဖြစ်စေနိုင်တဲ့ ဆိုးဆေးရည်တွေနဲ့ စက်ရုံတွေက စွန့်ထုတ်တဲ့ သတ္ထုရေတွေဟာ မြစ်ကြောင်းထဲကို စီးဝင်နေပေမယ့် ဒီမြစ်ဟာ လူပေါင်း ၂၈ သန်းရဲ့ အားထားရာဖြစ်နေပါတယ်။ စက်ရုံပေါင်း သုံးထောင်နီးပါးရှီတဲ့ မာဂျာယာလာမြို့မှာ နေထိုင်သူတွေကတော့ မြစ်နားက အထည်အလိပ်စက်ရုံကနေ စွန့်ပစ်တဲ့ ညစ်ညမ်းရေနီတွေကို သုံးနေရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကြောင့် ကလေးတွေမှာ အရေပြားဓာတ်မ တည့်မှုဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်နေလို့လည်း မြို့ခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုဟာ အဲဒီဒေသကို သွားရောက်ခဲ့ပြီး မြစ်ကြောင်း သန့်စင်ရေးစီမံကိန်းအရ စစ်တာယံ မြစ်ရေကို သောက်သုံးနိုင်တဲ့ အဆင့်ရောက်အောင် ၇ နှစ်အတွင်း လုပ်သွားမယ်လို့ ပြောပါတယ်။ သမ္မတက “ဒီစီမံကိန်းက မြစ်ညာ၊ မြစ်လယ် နဲ့ မြစ်ခြေတို့ကနေ စလုပ်မှာပါ။ စီမံကိန်းကို ၇ နှစ်အတွင်း အပြီးသတ်နိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒီရှေ့ဆောင်အစီအစဉ်ဟာ ခရိုင် ၂၅ ခုတစ်လျှောက် မြစ်ကြောင်းကို သန့်စင်ဖို့ ရည်ရွယ်ထားတာပါ။ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အစိုးရဌာနနဲ့ အဖွဲ့အစည်းတွေအပြင် ပြည်သူလူထုပါ ပါဝင်နိုင်ရေးလုပ်ထားပြီး မြစ်ထဲကို အန္တရာယ် ဖြစ်မှု အဆင့်မြင့်တဲ့ စွန့်ပစ်ရေတွေ လွှတ်ချတဲ့စက်ရုံတွေကို တိတိကျကျ အရေးယူနေတယ်”  လို့ ပြောပါတယ်။ အင်ဒိုနီးရှား ပင်လယ်ရေကြောင်း ညှိနှိုင်းဆောင်ရွက်ရေး ဒုတိယ၀န်ကြီး အာရစ် ဟာဗက်စ်က “စက်ရုံတွေကို ကျနော်တို့ ဖမ်းဝ ရမ်းထုတ်တယ်၊ သတိပေးတယ်၊ ပြန်လည်သုံးသပ်တယ်။ သီတင်း နှစ်ပတ် သုံးပတ်အကြာအထိ ကျနော်တို့ လုပ်စေချင်တဲ့အတိုင်း မလုပ်ဘူးဆိုရင် အဲဒီစက်ရုံတွေကို ပိတ်ခိုင်းလိုက်ပါတယ်။” လို့ ပြောပါတယ်။ အင်ဒိုနီးရှား တနိုင်ငံလုံးကို အထည်အလိပ်တွေ ဖြန့်ချိနေတဲ့ ပူတရာ- မူလာ-တာရန်- အင်ဒတ် စက်ရုံကတော့  ဆိုးဆေးလုပ်ငန်းကနေ ထွက်တဲ့ ဓာတု စွန့်ပစ်ရေတွေကို မြစ်ထဲမသွန်ခင် သန့်စင်တဲ့စရိတ်ဟာ တစ်လကို  အနည်းဆုံး ဒေါ်လာ တစ်သောင်း နီးပါးအထိရှိပြီး ဒါဟာ နှစ်စဉ်အသုံးစရိတ်ရဲ့ ၁၅ ရာခိုင်နှုန်းအထိရှိတယ်လို့ ပြောပါတယ်။ လူတွေက မြစ်ညစ်ညမ်းမှုဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေကို မစွန့်ပစ်အောင် ပညာမပေးနိုင်ဘူးဆိုရင် မြစ်ကြောင်း သန့်ရှင်းရေးလုပ်တာဟာ ငွေဖြုန်းတီးရုံ သက်သက်ပဲလို့  ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်သုံးသပ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up