A d v e r t i s e m e n t With Us

ပီရူးသမ္မတ မဲဆွယ်ပွဲအတွက် ငွေကြေးထည့်ဝင်ခဲ့ဟု ဘရာဇီးဆောက်လုပ်ရေးလုပ်ငန်းစု ပြော

ဂျော့ဘာရာတာ
ပီရူးသမ္မတ ပက်ဒရို ပါဘလို ကူချင်စကီရဲ့ ၂၀၁၁ ခုနှစ် မဲဆွယ်ပွဲမှာ ငွေကြေးပေးခဲ့တယ်လို့  ဘရာဇီးဆောက်လုပ်ရေးလုပ်ငန်းစု အော်ဒယ်ဘရက်ခ်ျ ရဲ့ ပီရူးနိုင်ငံဆိုင်ရာ တာဝန်ခံဟောင်း ဂျော့ ဘာရာတာက ပြောလိုက်ပါတယ်။ ဂျော့ဘာရာတာက ပီရူးနိုင်ငံရေးသမားတွေရဲ့ မဲဆွယ်ပွဲအတွက်  ငွေကြေးထည့်ဝင်ခဲ့တယ်ဆိုတာကို ဘရာဇီးမှာ အစိုးရရှေ့နေတွေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ တွေ့ဆုံချိန် ပြောလိုက်တာလို့ ပီရူးအတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ခဲအိကို ဖူဂျီမိုရီရဲ့ရှေ့နေက ပြောလိုက်တာပါ။ ဘာရာတာက ပီရူး အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဖူဂျီမိုရီရဲ့ပါတီကို ပါတီကိုယ်စားလှယ် ၂ ယောက်ကနေ တစ်ဆင့် မဲဆွယ်ရန်ပုံငွေ ထည့်ဝင်ခဲ့တာမှန်ပေမယ့် ဘာရာတာနဲ့ ဖူဂျီမိုရီကြား ငွေကြေးအတွက် တိုက်ရိုက်ဆက်သွယ်တာမျိုး မရှိခဲ့ဘူးလို့ ဖူဂျီမိုရီရဲ့ ရှေ့နေက ပြောပါတယ်။ ခဲအိကို ဖူဂျီမိုရီ၏ရှေ့နေ ဂျူလီယာနာလိုဇာက  “မစ္စတာ ဘာရာတာက ခဲအိကို ဖူဂျီမိုရီကို ငွေလွှဲပြောင်းခဲ့တာ၊  ဒီလိုငွေလွှဲဖို့ မစ္စခဲအိကို နဲ့စကားပြောဆိုတာ၊ မစ္စခဲအိကို မဲဆွယ်ပွဲကို ငွေကြေးထည့်ဝင်ဖို့ စေခိုင်းခဲ့တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးဆိုတာကို  အကြိမ်ကြိမ် ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ သူတို့နှစ်ယောက် ငွေကြေးကိစ္စကို ဘယ်တုန်းကမှ မပြောခဲ့ကြပါဘူး။ ငွေလွှဲပြောင်းတာလည်း မရှိခဲ့ပါဘူး။ ငွေလွှဲခဲ့တယ်ဆိုတဲ့ကိစ္စကို ဥပမာပေးပြောရရင်  လက်ရှိ ဗြိတိန်နိုင်ငံဆိုင်ရာ ပီရူးသံအမတ် ဆူဆန်နာ ဒယ်လာပွမ်တေ ကနေတစ်ဆင့် မစ္စတာ ပက်ဒရိုပါဘလိုကူချင်စကီကို ငွေလွှဲပြောင်းတဲ့ကိစ္စပါ။ မစ္စတာ လူးဆယ်လ်ဗာကတ်စထရိုက နေတဆင့် လာပရာ မဲဆွယ်ပွဲဆီ ငွေလွှဲပါတယ်။ တစ်ခြားငွေလွှဲတာတွေကိုလည်း ကျမပြောပါတယ်။ ကျမတို့အမှုမှာတော့ ပါတီကိုယ်စား လှယ် ၂ ဦးကနေ တဆင့်ပါ။ ဒါပေမယ့် ငွေကြေးထည့်ဝင်မှုလုပ်ခဲ့တယ်လို့ ဆုံးဖြတ်နိုင်တဲ့ ရှင်းလင်းတိကျတဲ့ သက်သေမရှိပါဘူး။ အော်ဒယ်ဘရက်ခ်ျ လုပ်ငန်းရဲ့ ပီရူးနိုင်ငံဆိုင်ရာတာဝန်ခံ လုပ်ခဲ့ဖူးသူ ဘာရာတာဟာ ကုမ္ပဏီလုပ်ငန်းလုပ်ပိုင်ခွင့် တွေရဖို့ လာဘ်ပေးတာတွေ လုပ်ခဲ့တယ်ဆိုတာ ၀န်ခံထားသလို ဒီဖြစ်စဉ်ကို စုံစမ်းနေတဲ့ ပီရူးအစိုးရှေ့နေတွေ ရဲ့မေးမြန်းမှုကို ပူးပေါင်းနေပါတယ်” လို့ ပြောပါတယ်။ ပီရူးအစိုးရရှေ့နေ ရာဖယ်ဗယ်လာက “လက်ရှိလုပ်ဆောင်ထားပြီးတဲ့ တွေ့ဆုံမှုကို ကျနော်တို့ အားရပါတယ်။ ပုံမှန်အတိုင်းလုပ်ခဲ့နိုင်တာကိုလည်း ကျေနပ်မှုရှိတယ်ဆိုတဲ့အကြောင်း ကျနော်တို့ ထပ်ပြောလိုပါတယ်။ ဒီနေရာမှာ အစိုးရရှေ့နေတွေက လက်ရှိအနေအထားကို ဆက်ပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်သွားမှာပါ”  လို့ ပြောပါတယ်။ ဘာရာတာဟာ မဲဆွယ်ပွဲတွေအတွက် ထည့်ဖို့ရည်ရွယ်တဲ့ ကုမ္ပဏီငွေကြေးတွေကို မှားယွင်းမှု တစုံတရာ လုပ်ထားတဲ့ စွပ်စွဲမှုမျိုး ရှိ မရှိကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up