မြိတ်တက္ကသိုလ် သင်္ကြန်ပွဲ ကျောင်းသူ ကျောင်းသား ၃၀၀၀ ခန့် ပါဝင်ဆင်နွှဲ
DVB
·
March 2, 2018
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ မတ်လ ၂ ရက်နေ့က မြိတ်တက္ကသိုလ်ကျောင်းတွင်း သင်္ကြန်ပွဲကို ကျင်းပခဲ့ရာမှာ ကျောင်းသူ/သား ၃၀၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုချမ်းမြေ့နိုင်က "မနက် ၇ နာရီကနေ ၁၂ နာရီအထိ ကျင်းပခဲ့တာပါ။ ဒီပွဲလေးက မြိတ်တက္ကသိုလ်သမိုင်းတလျှောက်မှာ ပထမဆုံး ကျင်းပတဲ့ပွဲလေးပါ။ အဖွဲ့အစည်းတခု၊ မေဂျာတခုက ကျင်းပတာမဟုတ်ဘဲ မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ဘာသာရပ်ပေါင်းစုံ၊ ဆရာ/မများအားလုံး ပူးပေါင်းပါဝင်ခဲ့တဲ့ ပွဲလေးလည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ကျောင်းသူ ကျောင်းသားတွေအကြားမှာ ပိုမိုချစ်ကြည်ရင်းနှီးမှု ရှိလာစေဖို့၊ ဆရာ၊ ဆရာမတွေနဲ့ အတန်း EC တွေကြားမှာ ပူးပေါင်းပါဝင်မှု ရှိစေဖို့၊ ကျောင်းတော်ကြီးရဲ့ အလုပ်ကိစ္စတွေကို ဆောင်ရွက်ရာမှာ အားလုံး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ပြီး ဒီပွဲလေးကို ကျင်းပတာလို့ ဆိုပါတယ်။
သီချင်းဆိုပွဲတွေ၊ ယိမ်းအကတွေ၊ စတုဒိသာကျွေးမွေးပွဲတွေနဲ့ တကယ့်သင်္ကြန်ပွဲတော်တခုလို ကျင်းပခဲ့တာဖြစ်ပြီး အထူးစည်ကားခဲ့တယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)