ဓာတုလက်နက် ထုတ်လုပ်မှု ဆီးရီးယားနှင့် ပူးပေါင်းမှုမရှိကြောင်း မြောက်ကိုရီးယား ပြော

1.6K
ဓာတုလက်နက်ထုတ်လုပ်မှုမှာ ဆီးရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေကို မြောက်ကိုရီးယားက မတ်လ ၁ ရက်နေ့က ငြင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားကို ဖိအားပေးဖို့အတွက် ဆီးရီးယားရဲ့ ဓာတုလက်နက်ထုတ်လုပ်မှုမှာ မြောက်ကိုရီးယားက ကူညီခဲ့တယ်လို့ အမေရိကန်က မဟုတ်မမှန် လုပ်ဇာတ်ခင်းခဲ့တာသာ ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံလိုင်း ကေအာတီ(KRT) က ကြေညာခဲ့ပါတယ်။
“မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်က အမေရိကန်ရေးရာ လေ့လာရေးဌာန ပြောရေးဆိုခွင့်ရှိသူတဦးကို ကိုးကား ကြေညာခဲ့တာပါ။
ဆီးရီးယားနဲ့ မြောက်ကိုရီးယားကြားမှာ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ လုပ်ဇာတ်ကို အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်မှု ကော်မတီဆီမှာ အတို့အထောင် လုပ်ခဲ့တာဖြစ်ပြီး ဒါဟာ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ဖို့ ဖန်တီးတဲ့ ပရိယာယ် သက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတုလက်နက် ဖောချင်းသောချင်း ပြန့်ပွားပိုင်ဆိုင်တဲ့ တိုင်းပြည်အဖြစ် မြောက်ကိုရီးယားကို ပင်လယ်ကနေ အပြည့်အဝ ပိတ်ဆို့ထားနိုင်ရေး အင်အားသုံးဖို့နဲ့ ဆီးရီးယားကို စစ်ရေးကျူးကျော်ဖို့ အကြောင်းပြတာလို့ KRT သတင်းဌာန သတင်းကြေညာသူက တက်ဆက်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ဓာတုလက်နက်ကို မဖန်တီး မထုတ်လုပ်သလို သိုလှောင်တာလည်းမရှိ၊ ဓာတုလက်နက် တွေကိုလည်း အားမပေးပါဘူးလို့ ကေအာတီ ရုပ်သံလိုင်းက ဖော်ပြခဲ့ပါတယ်။
ဆီးရီးယား ဓာတုလက်နက် အစီအစဉ်အတွက် စေလွှတ်ခဲ့တဲ့ မြောက်ကိုရီးယား ရေယာဉ်နှစ်စင်းကို လွန်ခဲ့တဲ့ ၆ လက ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယား ဆိုင်ရာ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။