A d v e r t i s e m e n t With Us

အပြန်အလှန် တိုက်စစ်ဆင်ကစားမည့် အာဆင်နယ်-မန်စီးတီး

ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ လက်ကျန်ပွဲအဖြစ် ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ မတ်လ ၂ ရက် မနက်အစောပိုင်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒီနှစ်သင်း ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလား (ကာရာဘောင်ဖလား) ဗိုလ်လုပွဲကြောင့် ရွှေ့ဆိုင်းခဲ့တာကို ပြန်ကန်ရမယ့်ပွဲ ဖြစ်ပါတယ်။ အဲဒီလိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ မန်စီးတီးက ခြေစွမ်းအသာနဲ့ ကစားခဲ့ပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူထားတာပါ။ အာဆင်နယ်ဟာ မန်စီးတီးကို ရှေ့၊ လယ်၊ နောက် ဘယ်လိုမှ ယှဉ်မကစားနိုင်ဘဲ ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ရတာလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုတကြိမ် အာဆင်နယ်ကွင်းမှာ ပြန်ရင်ဆိုင်ရမယ့် ပွဲမှာတော့ မန်စီးတီးပဲ အသာစီးရလိမ့်မယ်လို့ တတ်အပ်ပြောဖို့ ခက်ပါတယ်။ အာဆင်နယ်ဟာ ရာသီကုန် ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် ထိပ်ဆုံးလေးသင်းအတွင်းဝင်ရေး အသည်းအသန် ကြိုးစားနေသလို ဖိအားတွေဝင်နေတဲ့ ဝါရင့်နည်းပြ အာစင်ဝင်းဂါးရဲ့ အနာဂတ်အတွက်လည်း အဆုံးအဖြတ် ဖြစ်လာနိုင်တာမို့ အာဆင်နယ် ဖောင်ဖျက်ကစားလာနိုင်ဖွယ် ရှိနေပါတယ်။ အာဆင်နယ်ဟာ လက်ရှိ အမှတ်ပေးဇယားမှာ ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၁၀ မှတ်အထိ ကွာဟနေတာပါ။ ဒါကြောင့် အာဆင်နယ်အတွက် လက်ကျန်ပွဲစဉ်တွေမှာ အမှတ်ဆုံးရှုံးဖို့ လုံးဝမဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မန်စီးတီးအသင်းကတော့ လက်ရှိ အမှတ်ပေးဇယားမှာ ရမှတ် ၇၂ မှတ်နဲ့ ဒုတိယနေရာက မန်ယူကို တပွဲလျော့ကစားထားပြီး ၁၃ မှတ် ဖြတ်ထားနိုင်တဲ့အတွက် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်လို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။ မန်စီးတီးဟာ အခု အာဆင်နယ်နဲ့ ယှဉ်ပြိုင်ပြီး တရက်ပဲ အနားရကာ မတ်လ ၄ ရက်နေ့မှာ ချဲလ်ဆီးနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ဖို့ရှိသလို ၈ ရက်နေ့မှာလည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဘေဆယ်ကို အိမ်ကွင်းမှာပဲ ရင်ဆိုင်ဖို့ ရှိနေပါတယ်။ အဲဒီလို ပွဲကျပ်သုံးပွဲ ဆက်တိုက်ကစားဖို့ ရှိနေတဲ့ မန်စီးတီးအသင်းကို နည်းပြ ဂွါဒီယိုလာအနေနဲ့ ရလဒ်ကောင်း ရယူနိုင်ရေး ဘယ်လို ဟန်ချက်ညီ ပွဲထွက်ကစားလာမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ သတိပြုရမယ့် အချက်တခုကတော့ မန်စီးတီးဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းသုံးပွဲမှာ နိုင်ပွဲမရခဲ့ဘဲ ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေ၊ လီဗာပူးကို လေးဂိုးသုံးဂိုးနဲ့ရှုံးပြီး ဘန်လေနဲ့ တဂိုးစီ သရေကျထားပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းအရဆိုရင်တော့ မန်စီးတီးဟာ အာဆင်နယ်ကို အသာမရခဲ့ဘဲ စုစုပေါင်း တွေ့ဆုံမှု ၁၉၃ ကြိမ်မှာ မန်စီးတီးက ၅၂ ပွဲနိုင်၊ ၄၅ ပွဲ သရေကျပြီး ၉၆ ပွဲ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် ဒီဘက်နောက်ပိုင်းကာလတွေမှာ မန်စီးတီးဟာ အာဆင်နယ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်တိုင်း ရုန်းကန်ရလေ့ရှိပါတယ်။ သေချာတဲ့အချက်ကတော့ အာဆင်နယ်ဟာ ဒီတကြိမ် မန်စီးတီးကို ဧည့်ခံကစားရာမှာ ခံစစ်နဲ့ ပိတ်ကစားဖို့ မရှိဘဲ တိုက်စစ်ဆင်ပြီး ဂိုးသွင်းဖို့ ကြိုးစားမှာဖြစ်သလို မန်စီးတီးကလည်း သူတို့ရဲ့ ကစားဟန်အတိုင်း အုပ်စုဖွဲ့ ထိုးဖောက် တိုက်စစ်ဆင်ကစားမှာဖြစ်တာမို့ နှစ်သင်း အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဒီနှစ်သင်း ပထမအကေျာ့ မန်စီးတီးကွင်းမှာ ကစားခဲ့စဉ်က အိမ်ရှင် မန်စီးတီးက သုံးဂိုး တဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အခု ဒုတိယအကျော့မှာလည်း ဒီပွဲက ပရိသတ်တွေအကြိုက် နှစ်ဖက် သွင်းဂိုးတွေ မြင်တွေ့ရဖွယ်ရှိပြီး သရေကျသွားနိုင်သလို အမှတ်အဆုံးရှုံးမခံနိုင်ဘဲ ဖိအားပိုများတဲ့ အာဆင်နယ်အသင်း အိမ်ကွင်းအသာစီးရလေ့ရှိတဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ပွဲရယူသွားနိုင်ချေရှိနေတယ်လို့ ခန့်မှန်းသုံးသပ်မိပါတယ်။

A d v e r t i s e m e n t With Us

More News
Up