Home
မြန်မာသတင်း
နေ့အပူချိန် မြင့်တက်ပြီး မိုးရွာ လေပြင်းတိုက် မိုးကြိုးပစ်နိုင်ဟု မိုးဇလ သတိပေး
DVB
·
March 1, 2018
တနိုင်ငံလုံးမှာ နေ့အပူချိန်တွေ မြင့်တက်ပြီး မိုးတိမ်တောင်တွေ ဖြစ်ပေါ်ကာ မိုးရွာ၊ လေပြင်းတိုက်၊ မိုးကြိုးပစ် စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေး နှိုးဆော်လိုက်ပါတယ်။ ၂၀၁၈ ခုနှစ်၊ မတ် ၁ ရက် ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအရပ်ရပ်မှာ နွေကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလတွေအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာကနေ အပူပျံတက်ပြီး တိမ်များ ဖြစ်ထွန်းနိုင်တယ်။ မွန်းလွဲနဲ့ ညနေပိုင်းတို့မှာ မိုးတိမ်တောင်များ ဖြစ်ပ်ါနိုင်ပြီး၊ အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနဲ့အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စတဲ့ မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်၊ ရေပြင် လေဟာ ၁ နာရီလျှင် ၃၅ မိုင်ကနေ  မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ နွေကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလတွေအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေကို အထူးဂရုပြု နေထိုင်သွားကြပါရန် ကြိုတင်သတိပေး နှိုးဆော်အပ်ပါတယ်လို့ မိုးလေဝသသတင်းမှာ ဖော်ပြပါတယ်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကလည်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ အခုရက်ပိုင်း  မနက်ပိုင်း အချိန်များမှာ မြူတွေ ကျဆင်းနိုင်တယ်။ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ နေရာကွက်ကျား မိုးရွာနိုင်တယ်လို့ ခန့်မှန်း ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024