Home
မြန်မာသတင်း
အမေရိကန်ကုန်တင်လေယာဉ် ရန်ကုန်လေဆိပ်တွင် အရေးပေါ် ဆင်းသက်
DVB
·
March 1, 2018
ရန်ကုန်လေဆိပ်မှာ အမေရိကန်ကုန်တင်လေယာဉ်ပျံ ၁ စီး ဖေဖော်ဝါရီ ၂၈ ရက်က အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅မိနစ်မှာ အမေရိကန်နိုင်ငံသား လေယာဉ်မှူး Capt. Dykeandrew Lincoln Jacksony ပါ လေယာဉ်အမှုထမ်း ၃ ဦး မောင်းနှင်တဲ့ MC Donnell Douglas MD-11F(Cargo) လေယာဉ် အမျိုးအစား၊ လေယာဉ်အမှတ် N293UP လေယာဉ်ဟာ လေယာဉ်ပေါ်ပါ ကွန်တိန်နာပုံးက  Fire Alarm မြည်လာလို့ ရန်ကုန်လေဆိပ်ကို ဆက်သွယ်ပြီး အရေးပေါ် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပျံပေါ်မှာ လစ်သီယံဘတ္ထရီ (Lithium Ion Batteries) 175.7 တန် တင်ဆောင်ပြီး တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်ကနေ UAE နိုင်ငံ ဒူဘိုင်းလေဆိပ်သို့ ပျံသန်းနေတုန်း အခုလို ရန်ကုန်လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပျံ အရေးပေါ်ဆင်းသက်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့  မီးသတ်တပ်ဖွဲ့ဝင်တွေကို ယာဉ်တွေနဲ့အတူ အသင့်ပြင်ဆင်ထားရှိခဲ့တယ်။ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတွေနဲ့ လေဆိပ် မီးသတ်တာဝန်ခံ ဦးအောင်မြင့်တို့က  လေယာဉ်ပေါ် တက်ရောက်ပြီး လေယာဉ်မှူးနဲ့ တွေ့ဆုံမေးမြန်းရာ မီးလောင်မှုမရှိဘဲ လစ်သီယံ ဘတ္ထရီအနံ့သာရရှိကြောင်း သိရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။ လေယာဉ်မှူး ၃ ဦးဟာ လေဆိပ်လဝကကောင်တာမှာ ပြည်ဝင်တံဆိပ်တုံးထုပြီး ဒဂုံမြို့နယ်ရှိ Park Royal ဟိုတယ်မှာ တည်းခိုရန် ထွက်ခွာသွားခဲ့ပြီး လေယာဉ်ကတော့ ရန်ကုန်လေဆိပ်မှာ ညအိပ်ရပ်နားထားပါတယ်။ လေယာဉ်စစ်ဆေးမယ့် အင်ဂျင်နီယာအဖွဲ့ ရောက်ရှိစစ်ဆေးပြီးရင် မူလခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာမှာဖြစ်ပြီး ဒီနေ့မှာတော့ လေယာဉ်ကုမ္ပဏီက တာဝန်ရှိသူတွေဟာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတွေနဲ့အတူ လေယာဉ်ပေါ် တက်ရောက် စစ်ဆေးကြမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024