လှေမှောက်သေဆုံးသည့် ကျောင်းသားမိသားစုဝင်များကို ထောက်ပံ့ငွေပေးအပ်
DVB
·
February 28, 2018
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအင်းထဲမှာ ဖေဖေါ်ဝါရီ ၂၅ ရက်က လှေမှောက်သေဆုံးခဲ့တဲ့ ကျောင်းသား ၉ ဦးရဲ့ မိသားစုဝင်တွေကို ဖေဖော်ဝါရီ ၂၇ ရက် က ထောက်ပံ့ငွေပေးအပ်လိုက်ပါတယ်။
ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနဦးစီးမှူး ဒေါ်လှကေသီမာနဲ့ အဖွဲ့ဝင်တွေ၊ မိုးညှင်းမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ မိုးညှင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးညွန့်ငွေ၊ ခရိုင်လူမှုကယ်ဆယ်ရေးဌာနမှဦးစီးမှူး ဦးကျော်နိုင်ဌေးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်တို့က သေဆုံးသူ ကျောင်းသားမိသားစုဝင်တဦးချင်းစီကို ငွေကျပ် ၃ သိန်းစီ ပေးအပ်ခဲ့ပါတယ်။
နာရေးအခမ်းအနား တက်ရောက်တဲ့ ဒေသခံ အမျိုးသားတယောက်က “အင်းတော်ကြီးမှာ စက်လှေမှောက်ပြီးလူသေတယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အချိန်တုန်းကလည်း အဲဒီနေရာ။ အဲဒီအချိန်မှာ ခုလိုမျိုး ၉ ဦး အသက်ဆုံးဖူးတယ်။ ခုနဲ့ဖြစ်စဉ်တူတယ်။ လှေမှာပါတာ အများကြီးဘဲ။ ဒါပေမယ့် ၉ ယောက်ဘဲသေတယ်။ ဒီလိုဘဲ နောက်တနေ့မှ ပြန်ဆယ်ယူလို့ရတယ်” လို့ ပြောပါတယ်။
လှေမှောက်ပြီးသေဆုံးခဲ့တဲ့ လုံးစန့်ကျေးရွာက ၈တန်းကျောင်းသူတွေဖြစ်တဲ့ မနွယ်နွယ်ဝင်း၊ မသဲသဲမူ၊ မပြည့်ဖူးသော်၊ မအိအိမွှေး၊ မမျိုးသန္တာထွန်း၊ မအိဖြိုးနိုင်၊ မမိုးမြင့်သူ၊ မအေးမြတ်နိုးသူ၊ မောင်အောင်မျိုးဝင်းတို့ရဲ့ မိသားစုတွေကို သက်ဆိုင်ရာက ထောက်ပံ့ ငွေတွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။