မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၆ နှစ်ပြည့် အခမ်းအနားကျင်းပ
Aung Aung Naing
·
February 28, 2018
မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ပိတောက်လမ်းမှာ ကျင်းပပါတယ်။
မန္တလာဒီဂရီကောလိပ်၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ်သမဂ္ဂ၊ မိတ္ထီလာခရိုင်ကျောင်သားများ ဗကသ၊ ရမည်းသင်း နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ တက်ရောက်ခဲ့ကြပြီး သဝဏ်လွှာတွေ ဖတ်ကြားခဲ့ကြပါတယ်။
ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌကျော်သီဟရဲကျော်က “ဗကသမူ ငါးချက်ဖြစ်တဲ့ အမျိုးသားရေး၊ ဒီမိုကရေစီအရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေး၊ ကျောင်းသားထု အခွင့်အရေးဆိုတဲ့ မူငါးချက်နဲ့အတူ ကျောင်းသားထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်လာခဲ့တာ ဆိုရင်ဒီကနေ့ ၆ နှစ်ပြည့်ခဲ့တာပါ။ အစဉ်လာကြီးမားတဲ့ သမိုင်းဝင်ခွပ်ဒေါင်း အလံတော်အောက်ကနေ ကျောင်းသားထုပြည်သူတွေအတွက် ရတနာပုံ ဗကသဟာ အမြဲတမ်းရှိနေမယ်”လို့ ပြောပါတယ်။
မန္တလေးရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၆ နှစ်ပြည့်အခမ်းအနားကို ကျောင်းသားကျောင်းသူ ၈၀ ကျော်တက်ရောက်ခဲ့ပါတယ်။