Home
ဆောင်းပါး
ဗမာ့နိုင်ငံရေးကသောင်းကနင်းများ - အပိုင်း ၁၇
DVB
·
February 28, 2018
ရှစ်လေးလုံး (၈၈၈၈) ပြည်သူ့အရေးတော်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၃၄) ရှစ်လေးလုံး (၈၈၈၈) ပြည်သူ့အရေးတော်ပုံ မျှော်လင့်ခဲ့ကြတဲ့အတိုင်း ကျောင်းသားနဲ့ ပြည်သူတွေရဲ့ အုံကြွပေါက်ကွဲမှုကြီးဖြစ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ ဖြစ်ပွားလာခဲ့တယ်။ ရဟန်းသံဃာတော်တွေ အပါအဝင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန်အောင် ဆင်းရဲသား ပြည်သူတွေနဲ့ မူကြိုကလေးတွေအထိ ပါဝင်လာပြီး  အမြို့မြို့အနယ်နယ်မှာ ဆန္ဒပြပွဲတွေ၊ လူထုချီတက်ပွဲတွေ တတိုင်းပြည်လုံး အနှံ့အပြားမှာ ဖြစ်ပွားလာခဲ့တော့တယ်။ စာရေးသူရဲ့ တမိသားစုလုံးလည်း ဒီမိုကရေစီအရေး ဆန္ဒပြပွဲကြီးမှာ နည်းလမ်းမျိုးစုံနဲ့ ပါဝင်ခဲ့ကြတယ်။ ကိုယ်ပိုင်စီးပွားရေးအတွက် ကျနော် ခရီးသွားနေတုန်း ၁၉၉၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က ကျနော့်မိသားစုဟာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ အစဉ်တစိုက် ယုံကြည်ထောက်ခံမှုကို ပြသခဲ့ကြပါတယ်။ ဓာတ်ပုံထဲမှာ ယာအစွန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မောင်ဝံသ(ကွယ်လွန်)၊ စာရေးသူဇနီး ဒေါ်မြမြ၊ ဒေါ်ခင်လေးနွယ် (ဦးသာနိုးဇနီး)၊ ဒေါ်အောင်ဆန်းစုကြည်၊ စာရေးသူသမီး ယဉ်မေထွန်း၊ နာမည်ကျော်စာရေးဆရာနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးသာနိုးတို့ ဖြစ်ကြပါတယ်။ စာရေးသူလည်း ဆီဒိုနားအနောက်ဘက်နားမှာ နေသူ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သခင်အုန်းမြင့် ဦးစီးဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကူညီဖြည့်ဆည်းရေး ကော်မတီကို မိမိတတ်နိုင်သမျှ လစဉ် အလှူငွေထည့်ဝင်ခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကိုလည်း တတ်အားသမျှ ငွေကြေးလေးနဲ့ ကူညီခဲ့ဖူးပါတယ်။ မြို့တိုင်းမြို့တိုင်း နယ်တိုင်းနယ်တိုင်း နေရာတိုင်းမှာ ဆန္ဒပြပွဲ၊ လူထုစည်းဝေးပွဲကြီးတွေ ကျင်းပခဲ့ကြပါတယ်။ (၃၅) ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီလိုနဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ တိုးတက်တဲ့ နိုင်ငံရေးအမြင် ရှိသူတွေ၊ မတူညီတဲ့ ရပ်တည်ချက်၊ သမိုင်းကြောင်း အလွှာပေါင်းစုံက အမျိုးသားအင်အားစုတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြော်အမြင်နဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) လို့ အမည်ရှိတဲ့ ပါတီသစ်တရပ် ဖွဲ့စည်းထွက်ပေါ်လာခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင်ဟောင်းကြီးတွေက တဖက်၊ ယခင် အာဏာရ နိုင်ငံရေးသမားဟောင်းကြီးတွေက တဖက်နဲ့ ပေါင်းစပ်ပါဝင်ခဲ့ပါတယ်။ ဒါဟာ အပြောင်းအလဲကို တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားနဲ့ ပြည်သူတွေရဲ့  နိုင်ငံရေးမျက်နှာစာသစ်တရပ် ပေါ်ထွန်းလာခဲ့တာပါပဲ။ ဒါဟာ အပြောင်းအလဲကို တောင်းဆို လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားနဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးမျက်နှာစာသစ်တရပ် ပေါ်ထွန်းလာခဲ့တာပါပဲ။ သူတို့အထဲမှာ ဒေါ်မြင့်မြင့်ခင် (၁၉၅၃ ခုနှစ် အောက်တိုဘာ ကျောင်းသားအရေးအခင်း ခေါင်းဆောင်၊ ဗဟိုတရားရုံးရှေ့နေနဲ့ ယခု အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူ) အပါအဝင် ကျနော့်ရဲ့ တက္ကသိုလ် ကျောင်းနေဘက်နဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေဟာ အန်အယ်လ်ဒီရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြပါတယ်။ မန္တလေးတက္ကသိုလ်က ဦးတင်ရွှေ၊ ဦးမိုးသူ (ဦးစိန်မြင့်)၊ ဦးတင်မိုး(ဦးဘဂျမ်း) တို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အမှုဆောင်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။ အထူးသဖြင့် ဦးတင်ရွှေနဲ့ ဦးဘဂျမ်းတို့က သူတို့နဲ့အတူ လာလုပ်ဖို့ စာရေးသူကို တိုက်တွန်းခဲ့ကြပါတယ်။ အဲဒီတုန်းက ကျနော်ဟာ ခိုင်ခိုင်မာမာ ငြင်းဆန်ခဲ့ပြီး ဒီကိစ္စကို ကျောင်းသားခေါင်းဆောင်ဟောင်း ဦးသာနိုးကို သွားတွေ့ပြီး တိုင်ပင်ကြဖို့ အကြံပြုခဲ့ပါတယ်။ အဲဒီတော့ ဘာကြောင့်လဲလို့ သူတို့က ကျနော့်ကို မေးကြပါတယ်။ အချက်၂ ချက်နဲ့ ကျနော် ပြန်ရှင်းပြခဲ့ပါတယ်။ ၁) ပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲမှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝ လွှဲအပ်ခဲ့ကြလို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့ကြတယ်။ ဒါပေမယ့် ခင်ဗျားတို့က အာဏာလွှဲပြောင်းရေးကိစ္စ ပြောရမယ့်အစား န.ဝ.တ စစ်အစိုးရကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့အတွက်သာ တောင်းဆိုခဲ့ကြတယ်။ အဲဒီကတည်းက ခင်ဗျားတို့ဟာ အာဏာလွှဲပြောင်းနိုင်ဖို့ အခွင့်အရေး ရာနှုန်းပြည့် ဆုံးရှုံးခဲ့ရတယ်။ ၂) ကျနော်က အခြေအနေကို ကြည့်ပြီး သာကူးလုပ်တတ်တဲ့ ဆိုရှယ်လစ်အုပ်စုတွေ အန်အယ်လ်ဒီရဲ့ ရှေ့တန်းမှာ နေရာယူ လှုပ်ရှားနေကြတာကို သဘောမကျခဲ့ဘူး။ ပါတီဥက္ကဋ္ဌ နေရာယူထားတဲ့ ဦးအောင်ရွှေဆိုတာ စစ်တပ်ဆိုရှယ်လစ်အုပ်စုရဲ့ အတွင်းစည်းက စည်းရုံးရေးမှူးဖြစ်သလို ဦးနုနဲ့တိုင်ပင်ပြီး ၁၉၅၇ ခုနှစ် အာဏာသိမ်းဖို့ စီစဉ် ဦးဆောင်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။ ကာနယ်ကြည်ဝင်းဆိုတာက ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌ ဦးဘဆွေနဲ့ မိန်းမပွေဘက်၊ ဆိုရှယ်လစ်သမား၊ ဦးသန်းထွန်းနဲ့ ဦးချစ်ခိုင်တို့ကလည်း မြင်းခြံဆိုရှယ်လစ်ပါတီကပဲလေ။ သူတို့အားလုံးဟာ ဆိုရှယ်လစ် ဦးကျော်ငြိမ်းရဲ့ သစ္စာခံနောက်လိုက်တွေ ဖြစ်ပါတယ်။ သူတို့က အာဏာနောက်လိုက်နေတဲ့ သာကူးတွေ ထုံးစံအတိုင်း အားသာလာတဲ့ ပြည်သူ့တော်လှန်ရေးဘက်ကို ခုန်ကူးလာခဲ့ကြတာပါ။ အခုတော့ သူတို့တတွေဟာ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက တပြည်လုံးအတိုင်းအတာနဲ့ အနိုင်ရပြီးတဲ့နောက် ပြည်သူတွေရဲ့ ဒီမိုကရေစီ ယာဉ်ယန္တရားကြီးဖြစ်တဲ့ အန်အယ်လ်ဒီကို မောင်းနှင်ကြတော့မှာပါ။ ဦးအောင်ရွှေဟာ ဗိုလ်နေဝင်းရဲ့ ဆင့်ခေါ်မှုကို ခံခဲ့ရပါတယ်။ သူတို့ တွေ့ဆုံရာမှာ ဦးအောင်ရွှေက စစ်တပ်ကို ဘယ်သောအခါမှ ပြိုကွဲအောင်မလုပ်ပါဘူးလို့ ဗိုလ်ချုပ်နေဝင်းကို ကတိပြုခဲ့ပါတယ်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တခြား အန်အယ်လ်ဒီ ခေါင်းဆောင်တွေ ဘယ်လိုပဲ အထိန်းသိမ်းခံရ၊ ထောင်ချခံခဲ့ရပေမယ့် ဦးအောင်ရွှေကတော့ အန်အယ်လ်ဒီမှာ ပါဝင်ခဲ့မှုအတွက် ဘယ်တုန်းကမှ အဖမ်းအဆီး အထိန်းအသိမ်း မခံခဲ့ရပါဘူး။ ဦးတင်ရွှေဟာ အင်းစိန်ထောင်အတွင်း ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်။ ဦးတင်မိုးလည်း ၂၀၀၇ ခုနှစ်က အမေရိကန်ပြည်နယ် ကယ်လီဖိုးနီးယားမှာ ကွယ်လွန်ခဲ့ပြန်တယ်။ ဦးမိုးသူကတော့ အန်အယ်လ်ဒီက အနားယူခဲ့ပြီး ရန်ကုန်မှာပဲ နေထိုင်လျက် ရှိပါတယ်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့က နိုင်ငံကျော်မင်းသားကြီး ဦးထွန်းဝေ အခမ်းအနားမှူးလုပ်ခဲ့တဲ့ ရွှေတိဂုံဘုရား အနောက်မုခ်မှာ ကျင်းပခဲ့တဲ့ လူထုစည်းဝေးပွဲကြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရေးအတွက် သူမရဲ့ ပထမဆုံး လူထုမိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ သူမဟာ ကျနော်တို့နိုင်ငံရဲ့ ကြီးမြတ်ထင်ရှားတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သလို တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တဦးလည်း ဖြစ်ပါတယ်။ အဲဒီနောက်တော့ သူမဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့မှာ အန်အယ်လ်ဒီ ဖွဲ့စည်းဖြစ်ပေါ်စကနေ ဦးဆောင်လာခဲ့ရာမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးမှုတွေ အကြိမ်ကြိမ်ခံခဲ့ရပြီး နေအိမ်အကျယ်ချုပ် ပိတ်လှောင်မှုတွေ နှစ်ရှည်လများစွာ အကြိမ်ကြိမ် ခံစားခဲ့ရပါတယ်။ တချိန်တည်းမှာပဲ ဗိုလ်ချုပ်နေဝင်းဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့ပါတယ်။ သူက အဲဒီမှာ လှည့်ကွက် ညစ်ကွက် လိမ်ကွက်တွေ အမြောက်အမြား ချမှတ်လုပ်ဆောင်ခဲ့ပါသေးတယ်။ ပါတီက နုတ်ထွက်ခဲ့ပြီး ပြည်သူလူထုကိုလည်း "စစ်တပ်က မိုးပေါ်ထောင်မဖောက်ဘူး၊ ပစ်မယ်ဆိုရင် လူကို မှန်အောင် ပစ်တတ်တယ်" ဆိုပြီး လူမိုက်ဆန်ဆန် ခြိမ်းခြောက်ပြောဆိုသွားခဲ့ပါသေးတယ်။ တကယ်တော့ အဲဒီစကားဟာ သူ့ရဲ့ ခါးပိုက်ဆောင်စစ်တပ်ကို နေ့စဉ် ဆန္ဒပြနေကြတဲ့ ပြည်သူလူထုကို တည့်တည့်မှန်အောင်၊ လူအုပ်ထဲကို ပစ်ထည့်လိုက်ဖို့၊ သတ်ဖြတ်ဖို့ အမိန့်ပေး ညွှန်ကြားလိုက်တာပဲ မဟုတ်လား။ (၃၆) ဦးနု၏ ပျက်သုဉ်းပြီးအစိုးရ ကြေညာခြင်း အာဏာငန်းဖမ်းသူတယောက် ငရဲပြည်က လှမ်းအော်တောင်းလိုက်သလိုပါပဲ။ ဗိုလ်ချုပ်နေဝင်းဟာ တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ တရားခံနံပါတ် (၁) ဆိုရင် ဦးနုက တရားခံ နံပါတ် (၂) ပါပဲ။ သူဟာ ဘယ်တုန်းကမှ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ တွေးခဲ့ဟန် မတူပါဘူး။ သူဟာ အာဏာကို ဖြတ်လမ်းက ရယူဖို့ အမြဲတမ်း ကြိုးစားရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အခွင့်အရေးသမားတယောက် ဖြစ်ခဲ့တယ်။ သူ တသက်တာ ကိုင်စွဲသွားတဲ့ ဆောင်ပုဒ်ကတော့ ဒေးလ်ကာနယ်ဂျီ ပြောခဲ့တဲ့ “How to win friends and influence the people” ဆိုတာပါပဲ။ သူဟာ အဲဒီစာအုပ်ကို မိတ္တဗလဋီကာလို့ မြန်မာလို့ ပြန်ဆိုခဲ့ပြီး  ကျောင်းသုံးစာအုပ်အဖြစ်နဲ့လည်း ပြဋ္ဌာန်းခဲ့ပါတယ်။ အခုတော့ ကျနော်တို့ဟာ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြရပါပြီ။ နိုင်ငံရေး ကသောင်းကနင်း ဖြစ်စဉ်တွေကိုလည်း ထင်ထင်ရှားရှား တွေ့ခဲ့ကြပါပြီ။ လူထု အုံကြွမှုတွေဟာ အမြင့်ဆုံးမှတ်ကို  ရောက်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း ကွဲပြားတဲ့အမြင် ရပ်တည်ချက်အမျိုးမျိုးနဲ့ မတူညီတဲ့ ဖြတ်သန်းမှု အရင်းခံအခြေအနေ ရှုပ်ထွေးမှုတွေကြောင့် ညီညွတ်သော တပ်ပေါင်းစုကြီးကို မဖွဲ့စည်းနိုင်ခဲ့သေးပါဘူး။ ဦးနုကိုယ်တိုင်က ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်ကြီး ဖြစ်စေခဲ့တဲ့အပေါ် သူ့မှာ တာဝန်ရှိကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ်အုပ်စုတွေက တခြားနိုင်ငံရေးခေါင်းဆောင်တွေကို ၁၉၄၈ ခုနှစ်မှာ ဖမ်းဆီးခဲ့တာကို လျစ်လျူရှုခဲ့လို့ပါပဲ။ ဦးနုက သူသာလျှင် တရားဝင်အစိုးရလို့ ပြောပြီး အစိုးရဖွဲ့စည်းကြောင်း ကြေညာခဲ့ပေမယ့် ဘယ်သူကမှ သူ့ရဲ့ပျက်သုဉ်းပြီး အစိုးရကို အသိအမှတ် မပြုခဲ့ကြတော့ပါဘူး။ ပြည်တွင်းစစ်ကြီးကတော့ အနှစ် ၇၀ ကျော် တောက်လောင်ပြီးပါပြီ။ ယနေ့ထိလည်း ပြီးဖို့ လမ်းမမြင်သေးပါ။ တနေ့တော့ လူထုဒေါ်အမာတိုက်မှာ နိုင်ငံရေးအခြေအနေတွေ ပြောဆိုနေကြတုန်း ဦးနုက ဒေါ်အမာရေ... ဒေါ်အမာရေလို့ အော်ခေါ်ရင်း ရောက်လာခဲ့တယ်။ ကျနော်က ထမယ်လုပ်တော့ ဒေါ်ဒေါ်(လူထုဒေါ်အမာ) က ကျနော် မထွက်သွားဖို့ ပြောပြီး ဦးနုနဲ့ စကားဝိုင်းမှာ သက်သေခံအဖြစ် ဝင်ဆွေးနွေးဖို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ ကျနော်တို့ ဒေါ်ဒေါ်ရဲ့ ဧည့်ခန်းမှာပဲ ထိုင်ပြီး ဦးနုပြောတာ နားထောင်ခဲ့ကြတယ်။ သူက ရန်ကုန်မှာ ပြောခဲ့တဲ့အတိုင်းပဲ ပြောခဲ့ပါတယ်။ ဒေါ်ဒေါ်က သူပြောတာ နားထောင်ပေးပြီးတဲ့နောက် "ပြီးခဲ့တာတွေ ပြီးပါစေတော့ ... အခု ဘယ်လိုဆက်လုပ်ကြမလဲ" လို့ ပြန်မေးတဲ့အခါ ဦးနုက ပြန်အဖြေမပေးဘဲ ပြန်သွားခဲ့ပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆင်သင့်မဖြစ်သေးသလို ကျောင်းသားတွေကလည်း နေ့စဉ် လှုပ်ရှားမှုတွေနဲ့ အလုပ်များနေခဲ့ကြပါတယ်။ အတိုချုံး ပြောရရင် ပြည်သူတွေဘက်က စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ အဆင်သင့် မဖြစ်ခဲ့ပါဘူး။ အဲဒီအခြေအနေမှာ အတွေ့အကြုံအများဆုံး ပုဂ္ဂိုလ်ဟာ ဦးနေဝင်း ဖြစ်ပါတယ်။ သူ စဉ်းစား စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်း အခြေအနေတွေ ပေးလာတာကို သူ သိခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ သူ့ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ၅ ဦးကော်မတီကို အာဏာသိမ်းယူဖို့ မီးစိမ်းပြခဲ့ပါတော့တယ်။ ဒီနေရာမှာ မြုပ်ကွယ်နေတဲ့ ဇာတ်လမ်းတပုဒ်ဟာ ကျနော်နဲ့ရင်းနှီးရတဲ့ မိတ်ဆွေတဦးဆီက ပေါ်ထွက်လာခဲ့ပါတယ်။ သူ့နာမည်ကို မဖော်ပြဖို့ မေတ္တာရပ်ခံခဲ့တဲ့ ကျနော့်မိတ်ဆွေကတော့ ဗိုလ်ချုပ်ရွာမှာ နေထိုင်ပြီး ဗိုလ်ချုပ်စောမောင်ရဲ့ ညီဝမ်းကွဲတော်သူလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့ နောက်တနေ့မှာ အာဏာသိမ်းပွဲဇာတ်လမ်းကို သိရအောင် သူဟာ ဗိုလ်ချုပ်စောမောင်ရဲ့အိမ်ကို သွားခဲ့သတဲ့။ အဲဒီအချိန်မှာ ဗိုလ်စောမောင်က သူ့အိမ်ရှေ့က ပန်းပင်တွေ ရေလောင်းနေပါသတဲ့။ နှုတ်ဆက်စကား ဆိုကြပြီးတဲ့နောက် အိမ်ထဲကို အတူတူဝင်ခဲ့ကြတယ်။ ဧည့်ခန်းမှာ ဗိုလ်ချုပ်စောမောင်က ဒီလို ပြောခဲ့ပါတယ်တဲ့။ “မွန်းလွဲ ၃ နာရီ ၁၅ မိနစ်လောက်မှာ ကျနော့်ကို ဗိုလ်ချုပ်ကျော်ထင်က အမြန်ဆုံးလာဖို့ ပြောခဲ့ပါတယ်။ အဝတ်အစားလဲဖို့တောင် အချိန်မရတော့တာမို့ ကျနော်လည်း စပို့ရှပ်လေးနဲ့ပဲ သူတို့ကို သွားတွေ့ခဲ့ပါတယ်။ အစည်းအဝေးမှာ ဗိုလ်ချုပ်စိန်လွင်က အရေးအခင်း အခြေအနေကို အကျဉ်းချုံး ရှင်းပြခဲ့ပြီး သူတို့ဟာ ဗိုလ်ချုပ်နေဝင်းထံက အမိန့်ရထားပြီးပြီ ဖြစ်ကြောင်းနဲ့ မင်းက အာဏာသိမ်းအဖွဲ့ ခေါင်းဆောင် ဖြစ်မယ်။ ရေဒီယိုကနေ သတင်းကြေညာချက်ကို ညနေ ၄ နာရီမှာ ထုတ်ပြန်မယ် (သိပ်မကြာခင်မှာပဲ စစ်အာဏာသိမ်းတဲ့ သတင်းကို မြန်မာ့အသံကနေ ထုတ်လွှင့်သွားခဲ့တယ်)  အေး ! ဒါပဲ "။ အဲဒီဖွင့်ဟချက်အတိုင်းဆို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီမှာ ဒီစစ်တပ်ကပဲ ဗိုလ်ချုပ်စောမောင် ဦးဆောင်လို့ စစ်အာဏာသိမ်းခဲ့ပေမယ့် သူဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၅ ဦး ကော်မတီရဲ့ အသိပေးမှုကို ၁ နာရီတောင် မရှိတဲ့ အချိန်လေးလောက်သာ ကြိုသိခွင့်ရခဲ့တာပါ။ အဲဒီနောက်တော့ နိုင်ငံတဝန်းလုံးမှာ လူသတ်ပွဲကြီးတွေ ဖြစ်ပွားခဲ့ပါတော့တယ်။ ပြည်သူလူထုတွေဟာ ကင်းလှည့်လာတဲ့ စစ်သားတွေနဲ့ တွေ့တဲ့နေရာမှာ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ကြရတယ်။ နောက်ဆုံး ကိုယ့်အိမ်က ဝရန်တာမှာဖြစ်ဖြစ်၊ လမ်းမပေါ်မှာဖြစ်ဖြစ်၊ သပိတ်စခန်းတွေမှာဖြစ်ဖြစ် တွေ့တဲ့နေရာတိုင်း သတ်ဖြတ်ခြင်း ခံကြရတယ်။ ရန်ကုန်မှာ ပစ်သတ်ခံရတဲ့ လူသေအလောင်းတွေကို စစ်တပ် မီးသင်္ဂြိုဟ်စက်မှာ မီးရှို့ပစ်ခဲ့ကြတယ်။ ပြည်သူတွေရဲ့ အလောင်းတွေဟာ တညတည်းနဲ့ မီးရှို့မပစ်နိုင်အောင် များပြားလွန်းတာမို့ လူသေအလောင်းပုံကြီးဟာ တောင်ကုန်းငယ်တခုလို ကြက်သီးထဖွယ် ဟည်းထနေတာကို မြင်ခဲ့ရတဲ့ မီးရှို့ဖို့ တာဝန်ချခံခဲ့ရတဲ့ စစ်တပ်အရာရှိတဦးက အလွန်ကြေကွဲဝမ်းနည်းစွာ ပြန်ပြောပြခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို အသတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူပေါင်း သောင်းဂဏန်းကျော်ခဲ့ပါတယ်။ အဲဒီညက ကျနော်ဟာ မန္တလေးကအိမ်မှာ ရှိနေပါတယ်။ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုအောင်မြင့်ထွန်းက ကျနော့်ဆီ ဘာဆက်လုပ်သင့်သလဲဆိုတာ အကြံတောင်းလာခဲ့ပါတယ်။ ကျနော်အကြံပြုတဲ့အတိုင်း သူတို့ သပိတ်စခန်းကို စွန့်ခွာသွားခဲ့ကြပါတယ်။ နောက်တနေ့ သူ့အိမ်ကို စစ်ထောက်လှမ်းရေးတွေ ဖမ်းဆီးဖို့ လာရှာတဲ့အခါ ကျနော်က သူ့ကို ပြည်ပကို အပြီးထွက်သွားနိုင်ဖို့ ကူညီခဲ့ပါတယ်။ အခုတော့ သူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ဆူရှီရောင်းတဲ့လုပ်ငန်းလုပ်ရင်း ဆရာဝန်တယောက်နဲ့ အိမ်ထောင်ကျလို့ သားသမီးတယောက်တောင် ထွန်းကားနေပါပြီ။ အပိုင်း (၁၈) ဆက်ရန် ...... မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024