A d v e r t i s e m e n t With Us

ကလေးငယ်ကို နာနီအမျိုးသမီးက ညှဉ်းပန်းနှိပ်စက်သည့်ရုပ်သံ ဝေဖန်မှုမြင့်တက်

ဓာတ်ပုံ - CEN
လမ်းလျှောက်တတ်စ ကလေးငယ်တဦးကို အထိန်း နာနီအမျိုးသမီးတဦးက ညှဉ်းပန်းနှိပ်စက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဖမ်းယူရရှိခဲ့ပြီးနောက် အင်တာနက် စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်တခုဖြစ်တဲ့ ပန်ဂျပ်ပြည်နယ်တွင်းရှိ နေအိမ်တလုံးမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အသက် ၁၈ လအရွယ် သမီးလေးကို အဲဒီ နာနီအမျိုးသမီးက ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ခြေထောက်တွေကို ကြိမ်နဲ့ရိုက်ခဲ့တာကို တွေ့ရပါတယ်။ ကလေးငယ်ရဲ့ မိဘတွေကတော့ သူဟာ ကလေးငယ်ရဲ့ မျက်နှာကိုလည်း ရိုက်ခဲ့တယ်လို့ ပြောပေမယ့် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မပါဝင်ခဲ့ပါဘူး။ မိဘတွေဟာ သမီးငယ်ရဲ့ ထူးခြားတဲ့ အပြုအမူတွေ ပြောင်းလဲလာတာရယ်၊ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာလို့ယူဆရတဲ့ အမှတ်အသားတွေ တွေ့လာခဲ့ချိန်ကစပြီး စိတ်ပူပန်ခဲ့ကြတာပါ။ တရက်မှာတော့ သူတို့ဟာ အလုပ်သွားချိန်မှာ မိုဘိုင်းဖုန်းကို ဗွီဒီယိုကင်မရာ ဖွင့်ထားခဲ့ပြီး နေအိမ်မှာထားခဲ့ကာ မှတ်တမ်းရယူရာမှ ခုလို သိလိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် ၃၅ နှစ်အရွယ် ပါဗီးန်လို့ အမည်ရတဲ့ နာနီအမျိုးသမီးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ဆူခ်ဒက်ဗ်ဆင်းက ရုပ်သံမှတ်တမ်းကို ရဲစခန်းဆီ ယူဆောင်သွားခဲ့ပြီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ပါဗီးန်ကတော့ သူဟာ ကြိမ်လုံးကို အသုံးပြုပြီး ကလေးငယ်ကို ရိုက်နှက်ခဲ့တယ်လို့ ဝန်ခံထားပြီး ဒါဟာ ကလေးငယ်ကို ငြိမ်ငြိမ်နေစေဖို့အတွက်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up