Live
Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ ကလေးမြို့တွင် ပြုလုပ်
DVB
·
February 28, 2018
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ အသိပညာပေး ဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီ ၂၇ ရက်မနက်က ကလေးမြို့ စုပေါင်းရုံးခန်းမမှာ  DAWN အဖွဲ့နဲ့အတူ ကျား၊ မတန်းတူရေးကို လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြုလုပ်ခဲ့ပါတယ်။ ကျား၊ မ တန်းတူရေး ဦးဆောင်လှုပ်ရှားသူ အလွတ်တန်း နည်းပညာ အကြံပေး ဒေါ်ကျော့ကျော့ခိုင်က “မြန်မာနိုင်ငံ နေရာအတော်များများမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအနေနဲ့ အဆိုးဝါးဆုံး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံနေရပြီး အဲဒါတွေကို တတ်နိုင်သမျှ လျော့နည်းစေဖို့အတွက်လည်း အမျိုးသမီးအဖွဲ့တွေနဲ့အတူ သက်ဆိုင်ရာ တာဝန်ရှိ အစိုးရဌာနများကလည်း ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့် ခုလို ဆောင်ရွက်မှုတွေရဲ့ အခြားတဖက်မှာလည်း အကြမ်းဖက်ခံရမှုတွေဟာ ဖြစ်ပေါ်နေဆဲ ဖြစ်တယ်” လို့ ဆိုပါတယ်။ ဒေသအနေနဲ့ ကလေးသူငယ်နဲ့ တခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ရှိနေပေမယ့် လတ်တလောမှာတော့ ကိန်းဂဏန်းတခုထိ ရရှိဖို့ မကြာခင် စစ်တမ်း ကောက်ယူမယ်လို့ DAWN အဖွဲ့က ဒေါ်လုလုဆန်ကလည်း ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ တချို့ ဥပဒေအတိုင်း ဖြေရှင်းမှု မရှိဘဲ နှစ်ဖက် နားလည်မှုနဲ့ ဖြေရှင်းနေတာတွေကြောင့် အခုလိုကိစ္စတွေဟာ ဖြစ်ပေါ်မှု ပိုတိုးလာပြီး ကြီးသည့်အမှု ငယ်အောင် ဆိုတဲ့ စကားရပ်အရ ဖြေရှင်းကြပေမယ့် ထပ်ပြီးဖြစ်ပေါ်ဖို့ ရှေးရှုနေတဲ့ ဖြစ်ရပ်ကိစ္စတွေကိုတော့ ထိန်းသိမ်းဆောင်ရွက်ကြဖို့ ညွှန်ကြားထားတယ်လို့ ကလေးမြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဝေလွင်ဖြိုးက ဆိုပါတယ်။ ယနေ့ ပြုလုပ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးပွဲကို ကလေးမြို့ပေါ်မှာရှိတဲ့ ပရဟိတအဖွဲ့တွေနဲ့ အမျိုးသမီးအရေး ကူညီ ဆောင်ရွက်သူတွေက တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ သတင်း - မင်းရဲစစ်နိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024