A d v e r t i s e m e n t With Us

အေအက်ဖ်စီဖလားတွင် ရန်ကုန်ယူနိုက်တက်က ဗီယက်နမ်ကလပ်ကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

AFC Cup 2018 အုပ်စု ဂျီ ဒုတိယပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဗီယက်နမ်ကလပ် သန်ဟွာအသင်းတို့ မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်က နှစ်ဂိုး တဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ရန်ကုန်ယူနိုက်တက်ဟာ တိုက်စစ်မှာ ဆယ်လာနဲ့ အီမန်နျူရယ်အတွဲကို အသုံးပြုခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နိုင်ရေး နှစ်ဖက်အသင်း တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာပဲ ရန်ကုန်ယူနိုက်တက် နောက်တန်း အားနည်းချက်ကို အသုံးချပြီး သန်ဟွာအသင်းခေါင်းဆောင် အိုမာက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် အိမ်ရှင် ရန်ကုန်အသင်း ချေပဂိုးရရှိရေး တိုက်စစ်ဆင် ကစားခဲ့ပေမယ့် သန်ဟွာ ဂိုးသမားနဲ့ နောက်ခံလူတွေ ကာကွယ်ဖျက်ထုတ်နိုင်တာကြောင့် ပထမပိုင်းမှာ ချေပဂိုး မသွင်းနိုင်ခဲ့ဘဲ တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာတော့ ရန်ကုန်ယူနိုက်တက်ဟာ တောင်ပံကစားသမား ကြည်လင်းအစား လူငယ်တိုက်စစ်မှူး အီစိုးကို ထည့်သွင်းကစားခဲ့ပါတယ်။ ဒီ့နောက် ပွဲချိန် ၆၇ မိနစ်မှာ မောင်မောင်လွင် အပြင်းကန်သွင်းတဲ့ဘောလုံး သန်ဟွာ ဂိုးသမား ပုတ်ထုတ်ရာက ပြန်ထွက်လာတာကို ယာမာဆာကီက ပိတ်သွင်းပြီး ရန်ကုန်ယူနိုက်တက် ချေပဂိုး ရခဲ့ပါတယ်။ သရေကျပြီးနောက်ပိုင်း ရန်ကုန်ယူနိုက်တက်ကပဲ ဆက်တိုက် ဖိအားပေး တိုက်စစ်ဆင်ကစားပြီး ပွဲချိန် ၈၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကတဆင့် အီမန်နျူရယ် ပေးပို့တဲ့ ဘောလုံးကို လူငယ်တိုက်စစ်မှူး အီစိုးက အပိုင်ကန်သွင်းယူပြီး ရန်ကုန်ယူနိုက်တက် နှစ်ဂိုး တဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပထမပိုင်းမှာ အမှားတချို့ ရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ကြောင်း၊ ဒီပွဲနိုင်လို့ နောက်တဆင့်တက်မယ်လို့ မပြောနိုင်သေးကြောင်း၊ တပွဲချင်းအာရုံစိုက် ပြင်ဆင်သွားမှာဖြစ်ကြောင်း၊ ကြိုးစားကစားခဲ့တဲ့ ကစားသမားတွေအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ အုပ်စုတွင်း နှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲစလုံး အနိုင်ရထားပြီး ရဂိုး ငါးဂိုး၊ ပေးဂိုး နှစ်ဂိုး၊ ရမှတ် ခြောက်မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ထားနိုင်ပါတယ်။ အုပ်စု တတိယပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်ဟာ လာမယ့် မတ်လ ၇ ရက်နေ့မှာ ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းနဲ့ အိမ်ကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up