A d v e r t i s e m e n t With Us

ဂျပန်တွင် လူသတ်အလောင်းဖျောက်မှု သံသယဖြင့် အမေရိကန်နိုင်ငံသားတဦးအား ဖမ်းဆီး

ဓာတ်ပုံ - အေအက်ဖ်ပီ
လူသတ်အလောင်းဖျောက်မှု သံသယနဲ့ ဂျပန်နိုင်ငံမှာ အမေရိကန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ အသက် ၂၆ နှစ်အရွယ် အမေရိကန်နိုင်ငံသားကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို သတ်ဖြတ် အလောင်းဖျောက်မှု သံသယနဲ့ သက်ဆိုင်ရာက ဖမ်းခဲ့တာပါ။ သံသယရှိသူ ငှားရမ်းထားတဲ့ တိုက်ခန်းထဲက ခရီးဆောင်အိတ်ထဲမှာ အမျိုးသမီးတဦးရဲ့ ဦးခေါင်းလို့ ယူဆရတဲ့အရာကို သက်ဆိုင်ရာက တွေ့ခဲ့ပါတယ်။ ချိန်းတွေ့တဲ့ အက်ပလီကေးရှင်းတခုကတဆင့် သူနဲ့ချိန်းတွေ့ခဲ့တဲ့ ဒေသခံ အမျိုးသမီးတဦး အခုလ အစောပိုင်းမှာ ပျောက်ဆုံးသွားခဲ့တာပါ။ ပျောက်ဆုံးအမျိုးသမီးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဂျပန်နိုင်ငံအနောက်ပိုင်း နေရာအတော်များများမှာ ဖျောက်ဖျက်ခဲ့ပုံရတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ ကနဦးစစ်ဆေးမှုကို ဖြေကြားဖို့ ငြင်းဆိုနေပေမယ့် ဖေဖော်ဝါရီ ၂၅ ရက်မှာတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ စွန့်ပစ်ခဲ့တဲ့ နေရာတွေကို သူက ပြောပြခဲ့ပါတယ်။ အမျိုးသမီးရဲ့ ကိုယ်ပိုင်း၊ ခြေထောက်နဲ့ လက်တွေကို အိုဆာကာနဲ့ ကျိုတိုမြို့က သစ်တောသုံးခုမှာ ခွဲပြီး စွန့်ပစ်ခဲ့တယ်၊ သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဆန်ဒါမြို့က အသက် ၂၇ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတယောက်ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီအမျိုးသမီး မပျောက်ဆုံးခင်က လူမှုကွန်ရက် အက်ပလီကေးရှင်းတခုမှာ တွေ့ခဲ့သူကို အပြင်မှာသွားတွေ့ဖို့ ပြင်ဆင်ထားတဲ့အကြောင်း သူငယ်ချင်းကို ပြောပြခဲ့တယ်လို့လည်း သိရပါတယ်။ လုံခြုံရေးကင်မရာတွေမှာ ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးနဲ့ သံသယရှိသူလို့ ယူဆရသူကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က အိုဆာကာမြို့မှာ ညနက်ပိုင်းအချိန်က အတူတွေ့ရပါတယ်။ တိုက်ခန်းတခုကို အတူဝင်သွားပြီး ပြန်ထွက်လာတဲ့အခါ သံသယရှိသူတဦးတည်း ထွက်လာပြီး သူဟာ ခရီးဆောင်အိတ်ကြီးတခုကို အကြိမ်ကြိမ် သယ်ဆောင်ခဲ့တာကိုလည်း လုံခြုံရေးကင်မရာမှာ တွေ့မြင်ခဲ့ရတဲ့အကြောင်း ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up