Home
မြန်မာသတင်း
စင်ကာပူနိုင်ငံတွင် မြန်မာအိမ်ဖော် ၁ ဦး ၁၂ ထပ်တိုက်ပေါ်မှ ခုန်ချသတ်သေ  
DVB
·
February 27, 2018
  စင်ကာပူနိုင်ငံ Hougang အရပ် Blk476B မှာ အိမ်အကူအလုပ် လုပ်ကိုင်နေတဲ့  ချင်းအမျိုးသမီး လိုင်နိတ်ကိမ်း (Lhai Nei Kim) ဟာ  ဖေဖော်ဝါရီ ၂၆ ရက် မနက် ၆ နာရီလောက်က  ၁၂ ထပ် အမြင့်တိုက်ပေါ်ကနေ ခုန်ချပြီး သေကြောင်းကြံစည်သွားပါတယ်။ သေဆုံးသူအမျိုးသမီး လိုင်နိတ်ကိမ်းဟာ အသက် ၃၃ နှစ်ရှိပြီး တမူးမြို့မှာ နေထိုင်သူ ဖြစ်ကာ စင်ကာပူမှာ အိမ်အကူအဖြစ် ရောက်ရှိနေတာ ၆ လလောက်ပဲ ရှိသေးတယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက “ဒီလို သေဆုံးရတဲ့အတွက် မယုံနိုင် ဖြစ်နေပါတယ်။ မသေခင် တရက်ကတောင် video call ပြောဖြစ်သေးတယ်။ သူ့မိဘတွေအနေနဲ့လည်း မယုံနိုင်အောင်ပါပဲ။ အားလုံးနဲ့ အဆင်ပြေနေသားနဲ့။ ဒီလို သေတယ်ဆိုတော့ အရမ်းဝမ်းနည်းရပါတယ်။ အလုပ်ရှင်နဲ့လည်း အဆင်မပြေဘူးလို့ တခါမှ မကြားမိပါဘူး”လို့ ပြောပါတယ်။ သေဆုံးသူ လိုင်နိတ်ကိမ်းမှာ ၁၃ နှစ်နဲ့ ၇ နှစ်အရွယ် ကလေး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဇွန်လကလည်း ရခိုင်ပြည်နယ်ကနေ စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်နေတဲ့  မဇင်မာဦးဟာ  ၁၉ ထပ်တိုက်ပေါ်ကနေ ခုန်ချ အဆုံး စီရင်မှုဖြစ်ပွားခဲ့သလို ၂၀၁၆ ဇူလိုင် ၂၆ ရက်ကလည်း စင်ကာပူ အိမ်ရှင်သားအမိ နှိပ်စက်ညှဉ်းပန်းလို့ ချင်းတိုင်းရင်းသူ ဒေါ်ပြောင်ငိုက်ဒွန့် သေဆုံးခဲ့ရပါတယ်။ သတင်း - ဂေါင်ဂေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024