A d v e r t i s e m e n t With Us

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဖလော်ရီဒါ အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်

ဓာတ်ပုံ - ရိုက်တာ
သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ မာဂျော်ရီစတုန်းမန်းဒေါက်ကလပ် အထက်တန်းကျောင်းကို   ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ဖလော်ရီဒါပြည်နယ်၊ ပါ့ခ်လန်းဒ်မြို့က မာဂျော်ရီစတုန်းမန်းဒေါက်ကလပ်စ် အထက်တန်းကျောင်းကို ကျောင်းဝင်းမိတ်ဆက်ဖို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြန်ဖွင့်လိုက်ပါပြီ။ ဒီကျောင်းမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့လို့ ကျောင်းသားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ ကျောင်းဝင်းထဲက စာသင်ဆောင်တွေအားလုံးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပြန်လည်ရေးဆွဲထားတဲ့ စာသင်ချိန်သစ်တွေနဲ့ ပြန်ဖွင့်သွားဖို့ ကျောင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ စာသင်ဆောင် အမှတ် ၁၂ ကိုတော့ ကျောင်းဝင်းတခုလုံး ပြန်ဖွင့်တဲ့အချိန်အထိ ပိတ်ထားဦးမှာ ဖြစ်ပါတယ်။ “ရှေ့ဝင်းတံခါးမှာ အေရွန်ဖေ့စ်က ကျမတို့ကို ရယ်ပြ၊ လက်ပြပြီး စကားတွေ ပြောကြတာမျိုး မရှိတော့မှာကို ကျမလန့်နေမိတယ်။ သူ ဒီမှာပဲ ဆုံးခဲ့တာလေ။ ကျောင်းသား ခြောက်ယောက်ကို သူ့ကိုယ်နဲ့ကာပြီး အသက်ကယ်ခဲ့တာ။ သူ ဒီလိုလုပ်ခဲ့လို့ ကျမ ဝမ်းသာမိပါရဲ့။ ခါတိုင်း မနက်ခင်းတွေလို မဖြစ်နိုင်တော့ပါဘူး။ ကျမတို့ ပြန်တဲ့အခါ သူ့မျက်နှာကို မမြင်ရတော့ဘူး။ သူ့ဂေါက်ရိုက်ချိန်သုံးတဲ့ ကားကိုလည်း တွေ့ရမှာမဟုတ်တော့ဘူး။ အသစ်ဖြစ်ကုန်မှာ” လို့ ကျောင်းသူ မီခေလာစထရာဗစ်ဇ်က ပြောပါတယ်။ “ကျောင်းသားတွေ အသက်ဆုံးခဲ့ရတယ်။ ကျမ ဒါပဲပြောနိုင်တယ်။ ကျမတို့အရပ်မှာ လုံခြုံမှု ဆုံးရှုံးခဲ့ပြီ။ ကျမသမီး အမ်မာ အဲဒီ အဆောက်အအုံကနေ ထွက်လာနိုင်တာကိုပဲ ညတိုင်း တွေးပြီး စိတ်သက်သာရာရမိတယ်” လို့ ကျောင်းသူတဦးရဲ့မိခင် ဆင်ဒီဒါမင်းက ပြောပါတယ်။ ဒီအထက်တန်းကျောင်းမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုကြောင့် စတုန်းမန်း အထက်တန်းကျောင်းက ကျောင်းသားတွေ ဦးဆောင်ပြီး သေနတ်ထိန်းချုပ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေပါတယ်။ ကျောင်းသားတွေဟာ ဖွဲ့စည်းပုံအရ သေနတ်ကိုင်ဆောင်ခွင့်ကို ကိုင်စွဲထားတဲ့ နိုင်ငံရေးသြဇာရှိ အမေရိကန် ရိုင်ဖယ်အသင်း NRA ကိုတောင် သေနတ်ထိန်းချုပ်ရေး တောင်းဆိုမှုနဲ့အတူ စိန်ခေါ်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up