မြန်မာ့ရင်းနှီးမြှုပ်နှံမှု ပုံစံပြောင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

1.4K
မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် ရင်းနှီးမြှုပ်နှံမှုပုံစံကို ပြောင်းလဲသွားမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂)၊ နေပြည်တော်မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ Development Effectiveness Roundtable မှာ ပြောခဲ့တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ကိုရောက်ရှိဖို့ ကြိုးပမ်းဆောင်ရွက် နေတဲ့အချိန်မှာ မိမိတို့ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့က မျက်ခြည်မပြတ်ခဲ့ပါဘူး။ ဒီလို ဆောင်ရွက်ရာမှာ မိမိတို့အတွက် အဓိကကျတဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတရပ်ဖြစ်တဲ့ ပုဂ္ဂလိက ကဏ္ဍ အဖွဲ့အစည်းများနဲ့ အတူတကွ လက်တွဲသွားမှာ ဖြစ်ပါတယ်၊ နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုအတွက် ဘဏ္ဍာရေးလိုအပ်ချက်များကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းခြင်း၊ နိုင်ငံ အချင်းချင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုခြင်းအားဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် ရင်းနှီးမြှုပ်နှံမှု ပုံစံကို ကျမတို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံအတွက် ပထမဆုံး ထုတ်ပြန်တဲ့ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒကိုလည်း ဒီနေ့ပဲ တရားဝင်မိတ်ဆက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပြည်သူလူထုကောင်းကျိုးအတွက် ဖွံ့ဖြိုးမှုအကူအညီတွေကို အကျိုးရှိထိရောက်ပြီး ပွင့်လင်း မြင်သာစွာ အသုံးပြုနိုင်ရေးအတွက် ပြီးပြည့်စုံတဲ့ မူဝါဒလမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများ ကိုလည်း ဖွံ့ဖြိုးမှုမူဝါဒမှာ ထည့်သွင်းရေးဆွဲထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကို ကျော်ဖြတ် လွန်မြောက်ဖို့ စိတ်အားထက်သန်သလို နောက်တနေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုလည်း ကြိုဆိုလက်ခံပြီး ရင်ဆိုင်ကျော်ဖြတ်သွားမှာဖြစ်တယ်။
ဒီလိုလုပ်ဆောင်ရာမှာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များ အားလုံးဟာ အနားမှာ နီးနီးကပ်ကပ်ရှိနေ ကြမယ်လို့ မျှော်လင့်ပြီး ဒီစိန်ခေါ်မှုတွေကို ကျော်လွှားရာမှာ ဖွံ့ဖြိုးမှုမိတ်ဖက်တွေကို ဘဏ္ဍာရေး အရင်းအမြစ်နဲ့ နည်းပညာအကူအညီအတွက် သာမက တခါတရံမှာ အားပေးလှုံ့ဆော်ပေးကြဖို့ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များ အားလုံးကို အားကိုးလိုတယ်။
၂၀၁၈ ခုနှစ်ထဲကို ဝင်ရောက်လျှောက်လှမ်းနေကြပြီး ဘဏ္ဍာရေးနှစ်ပုံစံသစ် ပြောင်းလဲ လိုက်ခြင်းနဲ့ အတူ များပြားလှတဲ့ ပြုပြင်ပြောင်းလဲမှုများ စတင်နေပြီ ဖြစ်တယ်။
ယုံကြည်အားကိုးရပြီး စိတ်စေတနာကောင်းရှိကြတဲ့ ရေခြားမြေခြားမှ ကျွန်မတို့ရဲ့ မိတ်ဆွေများနဲ့အတူ မှန်ကန်တဲ့ဆောင်ရွက်ချက်များ၊ ပိုမိုခိုင်မာတဲ့ ရည်ရွယ်ချက်များနဲ့ ပြန်လည် ဆန်းသစ်ပြီး ၂၀၁၈ ခုနှစ်မှာ ဆောင်ရွက်မယ့် လုပ်ငန်းများအတွက် ဒီနေ့ အစည်းအဝေးကနေ ရရှိလာမယ့် အခွင့်အလမ်းတွေကို အသုံးပြုကြပါလို့လည်း ပြောသွားပါတယ်။
ပြည်ထောင်စုဝန်ကြီးတွေ လုပ်အားနှစ်ဆတိုးပြီး ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းသွားသလို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေဆီက အကူအညီများ အရင်ထက်ပိုပြီး လိုအပ်နေတယ်လို့လည်း ပြောသွားပါတယ်။