Home
ဆောင်းပါး
ရင်ဝှက်ပန်းကလေးများကို ခြိမ်းခြောက်နေတဲ့ အိပ်မက်ဆိုး
DVB
·
February 26, 2018
ယခုတလော သက်ငယ်မုဒိမ်းမှုတွေ ခပ်စိပ်စိပ် တွေ့လာရတယ်။ မုဒိမ်းကျင့်ခံရသူ မိန်းကလေးများကလည်း ငယ်ရွယ်သောကလေးများ ဖြစ်လာကြသလို အသက်ပါ ဆုံးရှုံးရတာ တေ့ွရှိလာပါတယ်။ ဒါကြောင့် သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်ပေးဖို့ တောင်းဆိုလာကြသူတွေ ပေါ်ထွက်လာပါတယ်။ ယနေ့ လူမှုစာမျက်နှာများ၊ မီဒီယာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်ပိုင်း သတင်းတွေက အချိန်နဲ့တပြေးညီ သိရှိလာကြပြီး သက်ငယ်မုဒိမ်းဖြစ်ပွားမှု သတင်းကလည်း ထိပ်တန်းသတင်းတခု ဖြစ်လာပါတယ်။ သက်ငယ်မုဒိမ်းမှုများက ယခင်က မရှိခဲ့ဘူးလား။ ရှိပါတယ်။ စစ်အစိုးရလက်ထက်တုန်းက မှုခင်းသတင်းဆို ပြည်ထဲရေးဝန်ထမ်းဟောင်းတွေ ဦးစီးထုတ်ဝေတဲ့ မှုခင်းဂျာနယ်ကို အဓိကထား ဖတ်ရပါတယ်။ ဒါပေမယ့် သက်ငယ်မုဒိမ်းလို အမှုမျိုးကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ သက်ငယ်မုဒိမ်းမှုကတော့ နှစ်စဉ် ဒေသအလိုက်တော့ ရှိနေကြပါတယ်။ ကျနော့်မြို့လေးမှာလည်း လွန်ခဲ့သောငါးနှစ်က သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့တယ်။ နယ်ဘက်မြို့တွေက မီးရထားခုံးတံခါးပိတ်တဲ့အချိန် အဝေးပြေးကားတွေကို ပန်းရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေတဲ့ မိသားစုတွေ ရှိပါတယ်။ မိန်းကလေးအများစုဖြစ်ပြီး ကလေးအရွယ်ကနေ အပျိုဖြန်းအရွယ်အထိ ပါကြတယ်။ တနေ့ အသက် ၉ နှစ် မူလတန်း ကျောင်းသူအရွယ်လေးကို ရထားခုံးတံခါးစောင့်တဲ့ မီးရထားဝန်ထမ်းက မုဒိမ်းကျင့်လိုက်လို့ အခု ဆေးရုံရောက်နေတယ်လို့ သတင်းကြားပါတယ်။ နောက်တနေ့ သူတို့နေထိုင်တဲ့ ကျူးကျော်ရပ်ကွက်တခုကို သွားခဲ့ပါတယ်။ ရပ်ကွက်ရဲ့အစွန် လယ်ကွင်းတွေနားအရောက်မှာ ဝါးတိုင်ထောင်၊ ထရံကာ၊ တောင်ထန်းမိုး မြေစိုက်အိမ်လေးကို ကျနော် ရောက်သွားချိန်မှာတော့ အသက် ၄၀ ဝန်းကျင် အမျိုးသမီးဘေးမှ ကလေးငါးယောက် ဝိုင်းနေပါတယ်။ မုဒိမ်းကျင့်ခံရတဲ့ ကလေးရဲ့ အမေပါ။ ဒါနဲ့ ကျနော် အကျိုးအကြောင်းမေးမြန်းတော့ ညနေဘက် ပန်းသွားရောင်းရင်း အသက် ၂၀ အရွယ် မီးရထား ခုံးတံခါးစောင့်ဝန်ထမ်းက ညမိုးချုပ်စမှာ အနီးနားက ကုက္ကိုပင်အောက်ခေါ်သွားပြီး မုဒိမ်းကျင့်ခဲ့တယ်လို့ ပြောပါတယ်။ ကလေးက အိမ်ပြန်ရောက်တော့ အိမ်သာတန်းသွားတယ်။ ကြာနေလို့ အမေဖြစ်သူက ဘာဖြစ်နေလဲ လိုက်သွားကြည့်တော့ သွေးတွေကျနေတာကို ကလေးမလေးက ရေနဲ့ဆေးနေရာကနေ သွေးကမတိတ်တော့ အမေက သိသွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့တယ်။ ပြစ်မှုကျူးလွန်သူ တရားခံကို ညတွင်းချင်းဖမ်းပြီး ကလေးမလေးကို ဆေးရုံတင်လိုက်ရပါတယ်။ နောက်ဆုံး ကလေးအမေ ပြောလိုက်တဲ့ တခွန်းကြောင့် ကျနော် အတော် စိတ်မကောင်းဖြစ်သွားတယ်။ သူ့အထက် ၂ နှစ်လောက်ကြီးတဲ့ အမလည်း ဒီဖြစ်စဉ်မတိုင်ခင် လွန်ခဲ့တဲ့ ၃ နှစ်က ဖြစ်ခဲ့သေးတယ်လို့ ဆက်ပြောတယ်။ အဲဒိတုန်းကတော့ ခရီးသွားဟန်လွဲ အသက် ၆၀ ကျော် လူကြီးတဦးက အိမ်မှာ ကလေးမတယေက်တည်း ရှိချိန်မှာ အိမ်ပေါ်တက် မုဒိမ်းကျင့်ခဲ့ပါတယ်။ ဒါကို ပတ်ဝန်းကျင်ပြည်သူများက ဝိုင်းဖမ်းလို့ အဘိုးကြီးကတော့ ထောင် ၇ နှစ် ကျသွားပြီလို့ သိရတယ်။ ဒီဖြစ်ရပ်ရဲ့ အခြေခံ လေ့လာစမ်းစစ်ကြည့်ရင် ဆင်းရဲတဲ့မိသားစု ဖြစ်နေတယ်။ တဖက် ကာမဘီလူးက မုန့်/ငွေကြေးပေး၍ စည်းရုံးနိုင်ပါတယ်။ နောက် မိဘများကလည်း ကြုံရာကျပန်းလုပ်ကိုင်၊ နေ့စဉ် အိမ်မှာမရှိကြသလို ကလေးတွေအများကြီး မွေးထားကြတော့ ကိုယ့်သားသမီးအားလုံးကို လိုက်လံ မကြည့်ရှု မစောင့်ရှောက်နိုင်ကြဘူး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာက အသက် ၁၆ နှစ်အောက် မုဒိမ်းမှုတွေကို ခရိုင်တရားရုံးမှာပဲ စတင် စစ်ဆေးပါတယ်။ ရာဇသတ်ကြီးမှာ မုဒိမ်းမှုပုဒ်မ ၃၇၆ ပြစ်မှုမြောက်ရင် တသတ်တကျွန်းဖြစ်စေ ထောင်ဒဏ်ချမှတ်နိုင်သော်လည်း လက်တွေ့ အပြင်မှာ အမိန့်ချတဲ့အခါ ပြစ်ဒဏ်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထက် မပိုပါဘူး။ ၂၀၁၁ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ သက်ငယ်မုဒိမ်းကျူးလွန်သူကို ထောင်ဒဏ်နှစ် ၃၀ အထိ ပြစ်ဒဏ်ပေးခဲ့ပါတယ်။ အိမ်နီးနားခြင်း ထိုင်းမှာတော့ ထောင်ဒဏ် အနှစ် ၂၀ ကနေ တသက်တကျွန်းအထိ ပြစ်ဒဏ်ပေးပါတယ်။ သက်ငယ်မုဒိမ်းမှုကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးတာကတော့ အရှေ့အလယ်ပိုင်း မွတ်ဆလင်နိုင်ငံတွေပါပဲ။ ထောင်ဒဏ်ထက် လူမြင်ကွင်းမှာ သေဒဏ်ပေးကြတဲ့အပြင် ပါကစ္စတန်နဲ့ အာဖဂန်နိုင်ငံများရဲ့ သေဒဏ်ပေးတာက အပြင်းထန်ဆုံး ကြောက်ရွံ့စရာကောင်းလောက်အောင် အပြစ်ပေးတာပါ။ သူတို့ရဲ့ အစ္စလာမ်သာသနာမှာလည်း ဒီလိုပြဿနာအတွက် တခါတည်း သေဒဏ်ပေးပါလို့ ပါရှိသလို လူ့အဖွဲ့အစည်းမှာ သိပ်ရှက်စရာကောင်းတဲ့ ပြစ်မှု၊ မိသားစု မျိုးရိုးနာမည်ပျက်တယ်လို့ အရှေ့အလယ်ပိုင်းနိုင်ငံများက အကြောင်းပြ ပြောဆိုကြပါတယ်။ ဥရောပနိုင်ငံများကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစပြီး ထောင်ဒဏ်နှစ်ရှည်များသာ ပေးကြပြီး လူ့အခွင့်အရေး အလေးထား ဆောင်ရွက်လာကြပါတယ်။ ပြစ်မှု ပြစ်ဒဏ်တွေကတော့ တနိုင်ငံနဲ့တနိုင်ငံ မတူကြပေမယ့် ကမ္ဘာအနှံ့ နိုင်ငံများကတော့ သက်ငယ်မုဒိမ်းကို နှစ်ရှည်ထောင်ဒဏ်များ ပေးကြပါတယ်။ အသက်ကန့်သတ်တဲ့ နေရာမှာလည်း သက်ငယ်မုဒိမ်းက နိုင်ငံအလိုက် မတူပြန်ပါဘူး။ အရှေ့အလယ်ပိုင်းက ၁၄ နှစ်အောက်။ အာရှနိုင်ငံများနဲ့ မြန်မာနိုင်ငံက ၁၆ နှစ်အောက်ကို သက်ငယ်အဖြစ် သတ်မှတ်ကြပါတယ်။ ပြည်ထဲရေးဌာနရဲ့ ၂၀၁၇ နှစ်အတွင်း ပြည်နယ်နှင့်တိုင်း သက်ငယ်မုဒိမ်း ဖြစ်ပွားမှုက (၈၉၇) မှုအထိရှိပြီး ၂၀၁၆ ခုနှစ်ထက် (၂၂၆) မှု ပိုလာပါတယ်။ ရန်ကုန်တိုင်းက သက်ငယ်မုဒိမ်း ၁၉၂ မှုရှိတဲ့အတွက် အများဆုံးဖြစ်ပွားမှု တိုင်းဒေသကြီးတခု ဖြစ်ပါတယ်။ ၁၆ နှစ်အထက် မုဒိမ်းမှုက (၇၈) မှုသာရှိတဲ့အတွက် သက်ငယ်မုဒိမ်းမှုက ပိုများနေပါတယ်။ ထိုနည်းတူ ဒုတိယအများဆုံး တိုင်းဒေသကြီးက ဧရာဝတီတိုင်း ဖြစ်ပါတယ်။ သက်ငယ်မုဒိမ်း (၁၅၆) မှုရှိပြီး ၁၆ နှစ်အထက် မုဒိမ်းမှုထက် (၆၉) မှု ပိုဖြစ်ပွားနေပါတယ်။ ချင်းပြည်နယ်နှင့် ကယားပြည်နယ်က ၅ မှုထက်မကျော်တဲ့အတွက် တိုင်းနဲ့ပြည်နယ်မှာ အနည်းဆုံး ပြည်နယ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၂၀၁၆ စစ်တမ်းများအရ လူတသိန်းမှာ ၀ ဒသမ ၅ ရာခိုင်နှုန်းသာ ဖြစ်တဲ့အတွက် သက်ငယ်မုဒိမ်းဖြစ်ပွားမှု ကမ္ဘာ့အနည်းဆုံးနိုင်ငံထဲမှာ ပါပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာဖြစ်တဲ့ သက်ငယ်မုဒိမ်းမှု ဆွေမျိုးနီးစပ်များနဲ့ ဖခင်ဖြစ်သူများပါ ကျူးလွန်လာကြတော့ အင်မတန်မှကို စက်ဆုပ်ရွံရှာစရာ ကောင်းလှတယ်။ နောက်ဆုံး အကြောင်းပြကတော့ အရက်မူးလို့ပေါ့။ ဒါပေမယ့် တကြိမ်တခါမက ကျူးလွန်ခံနေရသူ ကလေးသူငယ်များအမှုကို ကြည့်လိုက်ရင် ဖခင်ဖြစ်သူက အတင်းအဓမ္မ ကြိမ်ဖန်များစွာ ကျူးလွန်ကြတာ များပါတယ်။ အရက်မူးလို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကာမရာဂဘီလူး ဆန်လာကြတာပါ။ ကျနော်တို့ ခပ်ငယ်ငယ်က စစ်တောင်းမြစ်ကမ်းဘေးက ရွာလေးတရွာမှာ ဖခင်ဖြစ်သူက သမီးဖြစ်သူကို အရက်မူးပြီး ကျူးလွန်ခဲ့ရာ နောက်ဆုံး ဗိုက်ပေါ်လာမှပဲ မိခင်ဖြစ်သူက ရိပ်မိလာပါတယ်။ ဒါပေမယ့် တိုင်တန်းမှုမရှိ၊ ဖုံးကွယ်မှုတွေနဲ့ပဲ ကလေးမွေးခဲ့ရတယ်။ နောက်တမျိုးက အမေဖြစ်သူရဲ့ နောက်အိမ်ထောင်တွေကြောင့်လည်း တဖြည်းဖြည်း အဖြစ်များလာတယ်။ ဒါကိုလည်း အမေဖြစ်သူတချို့က ဖုံးကွယ်ထားပြန်တော့ ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမျိုးကို အားပေးအားမြှောက်ပြုသူပါ အရေးယူရမလို ဖြစ်နေပါတယ်။ ကျူးလွန်ခံနေရတာတွေကို တိုင်တန်းမှုတွေမရှိ။ ဖုံးကွယ်မှုတွေ ရှိနေရင်တော့ ဒီလို အမှုပြဿနာများက ရှိနေဦးမှာပါ။ သက်ငယ်လို့ ပြောတဲ့အခါ မိန်းကလေးများသာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရတယ်လို့ မထင်လိုက်ပါနဲ့။ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရလို့ ကလေးမွေးတာကအစ ကူညီပေးနေတဲ့ ပရဟိလုပ်ဆောင်နေသူများ ပြောပြချက်အရ ယောက်ျားလေးတွေပါ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရပါတယ်။ တိုင်းဒေသကြီးတခုမှာ ပရဟိတဂေဟာ ဖွင့်ထားတဲ့ ဦးဆောင်သူနဲ့ စာသင်ကြားပေးသူ ဆရာအချို့က ဂေး (Gay) တွေ ဖြစ်နေကြပြီး အဲဒီဂေဟာက အရွယ်မရောက်သေးသူ ယောက်ျားလေးများအား လိင်ပိုင်းဆိုင်ရာ ဆက်ဆံကျူးလွန်မှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်နေပါတယ်တဲ့။ ကဲ ကောင်းကြသေးရဲ့လား။ ဒီကလေးတွေက စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားမှုတွေ ရှိလာနိုင်ပြီး ရောဂါကူးစက်မှု နောက်ဆက်တွဲတွေ ရှိလာနိုင်ပါတယ်။ ကျနော်နဲ့ ဆရာ ဒကာလို ဖြစ်နေတဲ့ ဦးဇင်းတပါးကတော့။ ခင်ဗျားတို့လည်း သွေးသားနဲ့။ ကျုပ်တို့လည်း သွေးသားနဲ့လေ။ လူဆို အဖို အမ အနေကြာတာများရင် ကျုပ်တို့လည်း အာမခံဘူး။ ဒါကြောင့် ပရဟိတလုပ်ကိုင်သူ ရဟန်းသူမြတ်အချို့ကို တိုက်တွန်းချင်တာက ကျောင်းအိပ်ကျောင်းစား မိဘမဲ့ ကလေးဂေဟာတွေ မဖွင့်စေချင်ဘူး။ ပညာရေးလိုအပ်ချက်အရ ဘ/က ကျောင်းတွေကတော့ ရှိနေဦးမယ်လေလို့ မိန့်ကြားခဲ့ဖူးပါတယ်။ ကလေးငယ်တယောက်ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရပြီဆို ဖြစ်ပွားမှုပေါ် မူတည်ပြီးတော့ မိန်းကလေးဖြစ်ရင် အပျိုဖော်မဝင် (puberty) မဖြစ်ခင် secondary sex character လိင်အင်္ဂါဖွဲ့စည်းပုံများ မဖွံ့ဖြိုးသေးတဲ့အတွက် လိင်စိတ်မရှိ၊ အရည်တမျိုး မထွက်တာကြောင့် တကြိမ်တခါသာ ပုံမှန်ဆက်ဆံမှု ပြုပေမယ့် ပထမ အင်္ဂါများ စုတ်ပြဲပျက်စီးမှုတွေ အရင်ဖြစ်ပေါ်ပါတယ်။ ဒုတိယ ကာမကျူးလွန်သူရဲ့ ရောဂါတွေပါလာရင် ကူးစက်မယ်။ တတိယ ယောက်ျားတွေကို ကြောက်လာမယ်။ စတုတ္ထ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု depression တွေဖြစ်လာပြီး ကျောင်းမတက်ချင်၊ လူကြားထဲ သိပ်မသွားချင်တော့ဘဲ ဖြစ်ပွားရာနေရာ သို့မဟုတ် မွေးရပ်မြေကို စွန့်ခွာလာကြသလို ကိုယ့်ကိုယ်ကိုယ် သတ်သေမှု suicide တွေ လုပ်လာကြတယ်လို့ ဆေးပညာ လေ့လာစမ်းစစ်ချက်အရ သိရပါတယ်။ စစ်အစိုးရလက်ထက် ကျနော့်အသိ ဂျပန်လူမျိုး ပရဟိတ အမျိုးသမီးတယောက်က ရန်ကုန် ထောက်ကြံ့ဘက်မှာ မိဘမဲ့နဲ့ ဆင်းရဲနွမ်းပါးသူ ထောက်ပံ့ရေး ဂေဟာလေးတခုကို ထောက်ပံ့ဖူးပါတယ်။ ပတ်ဝန်းကျင်ရွာများနဲ့ ဆင်းရဲနွမ်းပါးသူ မိဘများ အထူးအားထားစရာတခု ဖြစ်လာပါတယ်။ လေးနှစ်လောက်ကြာတော့ အဲဒီဂေဟာ ပိတ်သိမ်းပစ်ရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီက ဦးဆောင်ဆရာနဲ့ အထက်တန်းကျောင်းသူလေးတို့ ဗလက်ကာယ မုဒိမ်းကျင့်မှု သတင်းတွေ ထွက်ပေါ်လာပြီး ပြဿနာ နောက်ဆက်တွဲတွေက ဒီဂေဟာကို တိုင်းရင်းသားဒေသမှ မိဘမဲ့ လာပို့ထားသူ ကလေးတွေကို ဂျပန်အမျိုးသမီးကပဲ သူ့အသိ ခရစ်ယာန် မိဘမဲ့ ဂေဟာကြီးတခုကို သွားပို့ပေးခဲ့ရပါတယ်။ ယနေ့အထိ တာဝန်ယူ ကူညီပေးနေရပါတယ်။ ဒီလို လူမသိ သူမသိ သက်ငယ်မုဒိမ်း လိင်ကျူးလွန်သူတွေလည်း ရှိနေပါတယ်။ ဒါတွေကို ဖော်ထုတ်ရမှာ ဖြစ်သလို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူကယ်ပြန်ဝန်ကြီးဌာနတို့က မိဘမဲ့ဂေဟာများကို ငါတို့ မထိန်းသိမ်းရ ပြီးစလွယ် ပစ်မထားဘဲ လိုအပ်သလို စစ်ဆေးမှုများ၊ စည်ကမ်းချက်များ ထောက်ပံ့မှုများ လုပ်ကိုင်ပေးရမယ်လို့ တိုက်တွန်းချင်ပါတယ်။ တရားစီရင်ရေးနဲ့ ဥပဒေဘက်ကလည်း သက်ငယ်မုဒိမ်း ကျူးလွန်သူများကို မြန်မာနိုင်ငံမှာ ဒိထက်မကသော တရားဥပဒေပြစ်ဒဏ်များ ပေးဖို့လိုလာပါပြီ။ သက်ငယ်မုဒိမ်းက လူကြီးကနေ ကလေးကို ကျူးလွန်ကြသလို တချို့နယ်တွေမှာ အသက် ၁၄ နှစ်ဝန်းကျင်ရှိတဲ့ ယောကျ်ားလေးက သူ့ထက်ငယ်ရွယ်သူကို မိန်းကလေးကို  ကလေးချင်း ကျူးလွန်တာတွေလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ မိမိသားသမီးများကို အသက် ၁၆ နှစ် အနီးစပ်ဆုံး ဒဿမတန်းအထိ ဖုန်း၊ အင်တာနက်ကို အရမ်းကာရော ပေးမသုံးသင့်ပါ။ သက်ငယ်မုဒိမ်း ကျူးလွန်မှုက လူကြီး ကလေးပါ ရှိနေတဲ့အတွက် တရားစီရင်ရေးအပိုင်းက ဥပဒေတရပ်ကို စနစ်တကျ စစ်ဆေးမှုတွေနဲ့ နောက်လူများ ထပ်၍ မကျူးလွန်နိုင်အောင် ပြစ်မှုပြစ်ဒဏ်များပေးမှ မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်း ကျဆင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ထို့အတူ ပြည်ပနိုင်ငံများမှာ ပြုလုပ်သလို ကလေးတွေအများဆုံး သိမှတ်မိသူ အနုပညာရှင်များနဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာပေးတွေ ကျနော်တို့နိုင်ငံမှာ ပို၍ လုပ်ဆောင်သင့်ပါတယ်။ မူ၊ လယ်၊ ထက် စာသင်ကျောင်းများမှာလည်း လိင်ပညာပေး လှုပ်ရှားမှုများ၊ sex education များ သင်ကြားပေးခြင်းဖြင့် အရွယ်မရောက်သေးသူ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကျူးလွန်မှု အန္တရာယ်မှ ကာကွယ်ပေးနိုင်မယ်လို့ ပညာရေးဝန်ကြီးဌာနကို အကြုံပြုချင်ပါတယ်။ မိဘ ဆွေမျိုး မောင်နှမများကလည်း ဆင်းရဲနေပါစေ၊ မိမိသားသမီး ညီ၊ ညီမငယ်များကို လက်လွတ်စပယ် မလွှတ်ထားဘဲ ဝိုင်းဝန်းကြည့်ရှုစေချင်ပါတယ်။ မည်သည့်ဘာသာမှာကြည့်ကြည့် ဒီကိစ္စကို ရွံမုန်းကြပါတယ်။ သို့ပါ၍ လက်ရှိ ပြည်သူ့အစိုးရနှင့် မိဘ၊ ပြည်သူ၊ ဆရာ၊ ဆရာမများ၊ ပရဟိတအဖွဲ့များ အားလုံး ပူးပေါင်းဝိုင်းဝန်းမှသာ ၂၀၁၈ ခုနှစ်မှစ သက်ငယ်မုဒိမ်းဖြစ်ပွားမှု လျော့ကျလာနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် မြန်မာပြည်မှ ကလေးသူငယ်များအားလုံး သက်ငယ်မုဒိမ်းဆိုတဲ့ အိပ်မက်ဆိုးကြီးမှ ကင်းဝေးကြပါစေ။ ဗိုလ်သူရိန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024