မာန်အောင်ကျေးရွာအနီးတွင် NMSP နှင့် KNLA တို့ ပစ်ခတ်မှုဖြစ်ပွား
DVB
·
February 25, 2018
မွန်ပြည်နယ် ရေးမြို့နယ်၊ ခေါဇာမြို့၊ မာန်အောင်ကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၆)လက်အောက်ခံ တပ်ရင်း ၁၆ တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မာန်အောင်ကျေးရွာနဲ့ ၈ မိုင်လောက်အကွာ တောင်ကုန်းတွေအနီးမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက “အခြေအနေက တခဏ ပါပဲ။ ထိခိုက်ဒဏ်ရာရာမှုနဲ့ ပတ်သက်လို့ လှမ်းမေးတော့ မရှိဘူးလို့ကြားပါတယ်”လို့ ပြောပါတယ်။
မာန်အောင်ကျေးရွာနေ ဒေသခံတဦးက ''မနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်တယ်လို့ ကြားသိရတယ်။ ကရင်ဘက်က သေနတ် ၂ လက် ဆုံးရှုံးသွားတယ်လို့ ကြားတယ်။ တိုက်ပွဲက ခဏလေးပဲလို့လည်း သိရပါတယ်။ ထိခိုက် ဒဏ်ရာရတာ မကြားရသေးဘူး” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ KNLA တပ်ရင်း ၁၆ ထံဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပိတ်ထား ပါတယ်။
သတင်း - ၀င်းနိုင်သက်