မန်ယူ-ချဲလ်ဆီး၊ ပဲလေ့စ်-စပါး ထိပ်တိုက်တွေ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်များ

ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ အဖြစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ တော့တင်ဟမ်ဟော့စပါး၊ နာမည်ကြီး မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပဲလေ့စ်-စပါး လက်ရှိ ပရီးမီးယားလိဂ်မှာ ရပ်တည်မှုအရ ဒီနှစ်သင်းရဲ့ အနေအထားဟာ ကွာခြားလှပါတယ်။ ပဲလေ့စ်ဟာ လက်ရှိ ပွဲစဉ် ၂၇ ယှဉ်ပြိုင်အပြီး ၆ ပွဲနိုင်၊ ၉ ပွဲသရေ၊ ၁၂ ပွဲရှုံးထားပြီး ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပြီး စပါးကတော့ ၁၅ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၅ ပွဲရှုံး၊ ရမှတ် ၅၂ မှတ်နဲ့ အဆင့် ၅ မှာ ရှိနေပါတယ်။ ဒါကြောင့်လည်း ပဲလေ့စ်ဟာ တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ရုန်းကန်နေရသလို လတ်တလော တိုက်စစ်မှူး ဇာဟာ ဒဏ်ရာကြောင့် ပွဲထွက်မကစားနိုင်တာကလည်း ပဲလေ့စ်အတွက် အထိနာလှပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာလည်း ပဲလေ့စ်ဟာ နိုင်ပွဲမရဘဲ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ တဂိုးစီသရေ၊ နယူးကာဆယ်နဲ့ အိမ်ကွင်းမှာ တဂိုးစီသရေကျပြီး အဲဗာတန်ကို အဝေးကွင်းမှာ သုံးဂိုး တဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီသုံးပွဲစလုံးမှာ ပဲလေ့စ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပွဲတိုင်းလည်း ဂိုးပြန်ပေးခဲ့ရတာကို တွေ့ရပါတယ်။ ပဲလေ့စ်နဲ့ ယှဉ်ပြိုင်မယ့် တော့တင်ဟမ်ဟော့စပါးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးလေးသင်းအတွင်း ဝင်ရေး ကြိုးစားနေသလို ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ပွဲတွေမှာလည်း ယှဉ်ပြိုင်နေတာပါ။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အီတလီထိပ်သီး ဂျူဗင်တပ်ကို အဝေးကွင်းမှာ နှစ်ဂိုးစီ သရေရလဒ်ရအောင် ကစားထားနိုင်သလို နောက်ဆုံး ပရီးမီးယားလိဂ် သုံးပွဲမှာလည်း ထိပ်သီးအသင်းသုံးသင်းနဲ့ ယှဉ်ပြိုင်ရပေမယ့် အကောင်းဆုံးရလဒ်တွေရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အဲဒီပွဲတွေကတော့ မန်ယူကို အိမ်ကွင်းမှာ နှစ်ဂိုး ဂိုးမရှိ၊ လီဗာပူးကို အဝေးကွင်းမှာ နှစ်ဂိုးစီ သရေနဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ တဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတာပါ။ လက်ရှိမှာလည်း အသင်း ကစားသမားအားလုံး ဒဏ်ရာရ၊ ပွဲပယ်ပြစ်ဒဏ်တွေ ကင်းလွတ်နေတာဟာ စပါးအသင်းအတွက် အားသာချက်ကြီးတခု ဖြစ်နေပြီး ပွဲထွက်လူစာရင်း အနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ အာဆင်နယ်နဲ့ပွဲက လူစာရင်းအတိုင်း ပွဲထွက်လာဖွယ် ရှိနေပါတယ်။ ဒီနှစ်သင်း ပထမအကျော့ စပါးကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း စပါးကပဲ တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာမို့ အခု ဒုတိယအကျော့ပွဲစဉ်မှာလည်း စပါးအသင်းကပဲ တိုက်စစ်ဆင်ကစားပြီး ဂိုးတွေသွင်း အောင်ပွဲဆင်သွားနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။ မန်ယူ-ချဲလ်ဆီး ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲတပွဲအဖြစ် မန်ယူ-ချဲလ်ဆီး ထိပ်သီးနှစ်သင်း တွေ့ဆုံနေတဲ့ပွဲပဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ အခုရာသီ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အလားအလာ မရှိတော့သလောက် ဖြစ်နေပေမယ့်လည်း ထိပ်ဆုံးလေးသင်းအတွင်းဝင်ရေး အပြိုင်ကြိုးပမ်းနေကြတာမို့ ပရိသတ်တွေ အကြိုက်တွေ့မယ့်ပွဲတပွဲ ဖြစ်လာမှာ အသေအချာပါ။ လက်ရှိ ပရီးမီးယားလိဂ် ရပ်တည်မှု အနေအထားမှာလည်း မန်ယူက ရမှတ် ၅၆ မှတ်နဲ့ အဆင့် ၂၊ ချဲလ်ဆီးကတော့ ရမှတ် ၅၃ မှတ်နဲ့ အဆင့် ၄ မှာ အသီးသီးရပ်တည်နေတာပါ။ ဒီနှစ်သင်းစလုံးဟာ အင်္ဂလန် အက်ဖ်အေဖလားမှာလည်း ကွာတားဖိုင်နယ်အထိ တက်ရောက်နေသလို ဥရောပချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း ဆက်လက် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ပွဲကျပ်၊ ပွဲဆက်တွေ များနေပေမယ့်လည်း အသင်းကြီးတွေပီပီ အကောင်းဆုံးအင်အားနဲ့ ယှဉ်ပြိုင်နေကြတာကို တွေ့ရပါတယ်။ မန်ယူဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် သုံးပွဲမှာ ဟတ်ဒါဖီးလ်ဒ် တသင်းကိုပဲ အိမ်ကွင်းမှာ နှစ်ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး စပါးကို နှစ်ဂိုး ဂိုးမရှိ၊ နယူးကာဆယ်ကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် သုံးပွဲမှာ သုံးမှတ်ပဲရပြီး ရမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ စပါးနဲ့ နယူးကာဆယ်တို့ကို ရှုံးခဲ့တဲ့ပွဲစဉ်တွေမှာ ဂိုးတဂိုးမှ မသွင်းနိုင်ခဲ့တဲ့ မန်ယူတိုက်စစ်ကလည်း မေးခွန်းထုတ်ဖွယ် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလက မန်ယူဟာ အာဆင်နယ် ကွင်းလယ်တိုက်စစ်ကစားသမား ဆန်းချက်ဇ်ကို ခေါ်ယူခဲ့ပေမယ့် လက်ရှိအထိတော့ ဆန်းချက်ဇ်ဟာ အသင်းနဲ့ အတွဲအဖက်မိမိ ကစားနိုင်တာကို မတွေ့ရသေးပါဘူး။ ဒါ့အပြင် အသင်းရဲ့ အဓိက တိုက်စစ်မှူး လူကာကူနဲ့လည်း အချိတ်အဆက် မမိသေးတဲ့အတွက် ဂိုးရဖို့ ရုန်းကန်နေရတာကို တွေ့ရပါတယ်။ အလားတူ ချဲလ်ဆီးအသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ ဝက်စ်ဘရွန်းတသင်းကိုပဲ အိမ်ကွင်းမှာ သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဘုန်းမောက်ကို အိမ်ကွင်းမှာ သုံးဂိုး ဂိုးမရှိ၊ ဝတ်ဖို့ဒ်ကို အဝေးကွင်းမှာ လေးဂိုး တဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီရှုံးနိမ့်ခဲ့တဲ့ ပွဲနှစ်ပွဲမှာ နောက်တန်းက ခုနှစ်ဂိုးအထိ ပေးခဲ့ရတဲ့ ချဲလ်ဆီးခံစစ်ကြောင်း စိတ်မချရတာကို ပြသနေပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး မိုရာတာ ဒဏ်ရာကြောင့် နားနေရတဲ့အချိန် တိုက်စစ်ပိုင်း ပြုပြင်ဖို့အတွက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် တိုက်စစ်မှူး ဂျရူးကို ခေါ်ယူထားပေမယ့် ပြောရလောက်အောင် ခြေစွမ်းပြနိုင်ခြင်း မရှိသေးတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဟာဇက် ခြေစွမ်းပြန်ပြပြီး ဂိုးတွေ ပြန်ရလာတာကတော့ ချဲလ်ဆီးတိုက်စစ်အတွက် အနည်းငယ် စိတ်အားတက်စရာ ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် အသင်းကြီးတွေပီပီ ဒီနှစ်သင်းစလုံးဟာ အကောင်းဆုံးလူစာရင်းတွေနဲ့ ပွဲထွက်လာမှာဖြစ်ပြီး မန်ယူက တိုက်စစ်မှာ လူကာကူကို အထောင်ထားပြီး ဆန်းချက်ဇ်၊ ပေါ့ဂ်ဘာတို့နဲ့ပဲ ဝန်းရံလာဖွယ်ရှိသလို ချဲလ်ဆီးကလည်း မိုရာတာကို တိုက်စစ်မှာထားပြီး ဟာဇက်၊ ဝီလျံ၊ ကန်တေတို့နဲ့ ဝန်းရံ ပွဲထွက်လာဖွယ် ရှိနေပါတယ်။ ဒီနှစ်သင်း ပရီးမီးယားလိဂ် ပထမအကျော့ ချဲလ်ဆီးကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်က တိုက်စစ်မှူး မိုရာတာရဲ့ ခေါင်းတိုက်သွင်းဂိုး တဂိုးတည်းနဲ့ ချဲလ်ဆီး ကပ်ပြီး အနိုင်ရခဲ့ပေမယ့် အခု ဒုတိယအကျော့ မန်ယူအိမ်ကွင်းမှာတော့ ချဲလ်ဆီး အနိုင်ရဖို့ ခက်ခဲမှာ သေချာနေပါတယ်။ ဘီဘီစီက အားကစားသတင်း ခန့်မှန်းသုံးသပ် တင်ဆက်နေတဲ့ လော်ရိုကတော့ မန်ယူကွင်းမှာ ချဲလ်ဆီး အသာရဖို့မရှိဘဲ မန်ယူနည်းပြ မော်ရင်ဟိုရဲ့ နည်းဗျူဟာသာ အလုပ်ဖြစ်ခဲ့ရင် မန်ယူပဲ နှစ်ဂိုးပြတ်လောက်နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းသုံးသပ်ထားပါတယ်။ ဒါပေမယ့်လည်း စာရေးသူအနေနဲ့တော့ နှစ်သင်းစလုံးရဲ့ လက်ရှိ တိုက်စစ်ပိုင်း အားနည်းချက်တွေ၊ ဂိုးရဖို့ ရုန်းကန်နေရတဲ့ အနေအထားတွေကြောင့် ဂိုးနည်းနည်းနဲ့ သရေကျသွားနိုင်သလို အနိုင်ဆိုရင်တော့ အိမ်ရှင်အားသာချက်ရှိတဲ့ မန်ယူပဲ ကပ်ပြီး အနိုင်ရသွားနိုင်တယ်လို့ ထင်မြင်ယူဆမိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up