A d v e r t i s e m e n t With Us

ပရိသတ်ရင်ကို ဖမ်းစားဦးမည့် စနေည ပရီးမီးယားလိဂ် ပွဲစဉ်များ

ဒီတပတ် စနေည ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ မှာလည်း ပရိသတ်တွေအတွက် မရိုးနိုင်အောင် ကြည့်ရှုရမယ့် ပွဲကောင်းတွေ ပါဝင်နေပါတယ်။ စနေည အစောပိုင်း မြန်မာစံတော်ချိန် ည ၇ နာရီမှာ လက်စတာနဲ့ စတုတ်၊ ၉း၃၀ ပွဲစဉ်တွေကတော့ ဘုန်းမောက်နဲ့ နယူးကာဆယ်၊ ဘရိုက်တန်နဲ့ ဆွမ်ဆီး၊ ဘန်လေနဲ့ ဆောက်သမ်တန်၊ လီဗာပူးနဲ့ ဝက်စ်ဟမ်း၊ ဝက်စ်ဘရွန်းနဲ့ ဟတ်ဒါဖီးလ်ဒ်တို့ ယှဉ်ပြိုင်မှာဖြစ်ပြီး စနေည နောက်ဆုံးပွဲစဉ်အဖြစ် ည ၁၂း၀၀ နာရီမှာ ဝတ်ဖို့ဒ်နဲ့ အဲဗာတန်တို့ အသီးသီး တွေ့ဆုံ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လက်စတာ-စတုတ် လက်စတာဟာ ရာသီအစပိုင်းက ရလဒ်တွေ မတည်မငြိမ်နဲ့ ရုန်းကန်ခဲ့ရပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ ကစားပုံ ပြန်လည်ကောင်းမွန်လာကာ အခုအချိန်မှာတော့ အမှတ်ပေးဇယား အဆင့် ၈ မှာ ရပ်တည်နေနိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အဓိက ကစားသမား မာရက်ဇ်ရဲ့ အပြောင်းအရွှေ့ လှုပ်ခတ်ခဲ့လို့ ပွဲထွက်ကစားသမားအဖြစ်က ချန်လှပ်ခံခဲ့ရပြီး အခုအခါမှာတော့ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာတဲ့အတွက်လည်း လက်စတာ အင်အားအပြည့်နဲ့ စတုတ်ကို ရင်ဆိုင်ဖို့ ရှိနေပါတယ်။ လက်စတာဟာ အိမ်ကွင်းကစားအားလည်း ကောင်းမွန်တဲ့အသင်း ဖြစ်တာမို့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ စတုတ်အပေါ် ဖိအားပေး ကစားနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ပွဲစဉ် ၂၇ မှာ မန်စီးတီးကို ငါးဂိုး တဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက်လည်း လက်စတာတို့ အခုပွဲမှာ ပြန်လည်ပေါက်ကွဲပြီး နိုင်ပွဲပြန်ရှာဖို့ ရှိနေပါတယ်။ တန်းဆင်းဇုန်အတွင်း ကျရောက်နေတဲ့ စတုတ်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲ အဝေးကွင်းရလဒ် အဆိုးဆုံး အသင်းဖြစ်ပြီး အဝေးကွင်း ၁၃ ပွဲ ကစားခဲ့ရာမှာ နိုင်ပွဲတပွဲပဲရှိပြီး သုံးပွဲသရေ၊ ကိုးပွဲအထိ ရှုံးနိမ့်ထားတာမို့ ဒီပွဲစဉ်မှာလည်း ရလဒ်ကောင်းရဖို့ မလွယ်လှပါဘူး။ ဒီနှစ်သင်း ပထမအကျော့ စတုတ်ကွင်းမှာ နှစ်ဂိုးစီ သရေကျခဲ့ပေမယ့် လက်စတာကွင်းမှာ ယှဉ်ပြိုင်မယ့် ပွဲစဉ်မှာတော့ စတုတ်အနေနဲ့ သရေတောင် မျှော်လင့်ခွင့်မရှိဘဲ အိမ်ရှင်အသင်းကပဲ အသာစီးရယူသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘုန်းမောက်-နယူးကာဆယ် ဒီပွဲဟာ ပရီးမီးယားလိဂ် အလယ်အလတ် အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲလို့ ဆိုရမှာပါ။ ဘုန်းမောက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပြီး နယူးကာဆယ်ကတော့ ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၁၃ မှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း နှစ်သင်းစလုံးရဲ့ ရမှတ်ဟာ တန်းဆင်းဇုန်က အသင်းတွေနဲ့ ကွာဟမှု ကျဉ်းမြောင်းနေတာမို့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်နိုင်ရေး နှစ်သင်းစလုံး ရုန်းကန်နေရတာပါ။ ဘုန်းမောက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ ချဲလ်ဆီးကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့နိုင်၊ စတုတ်ကို အိမ်ကွင်းမှာ နှစ်ဂိုး တဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာတော့ ကိုယ့်ထက် အဆင့်နိမ့်တဲ့ ဟတ်ဒါဖီးလ်ဒ်လို အသင်းကို လေးဂိုး တဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဘုန်းမောက်ရဲ့ ခြေစွမ်းဟာ ခန့်မှန်းရခက်ပြီး တည်ငြိမ်မှုမရှိတာကို တွေ့ရပါတယ်။ ဝါရင့်နည်းပြ ဘင်နီတက်ဇ် ကိုင်တွယ်နေတဲ့ နယူးကာဆယ်အသင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ အမှားအယွင်းနည်းအောင် ကစားလာတာကို တွေ့ရပြီး နောက်ဆုံး ပွဲစဉ် ၂၇ မှာဆို ထိပ်သီး မန်ယူလိုအသင်းကို တဂိုး ဂိုးမရှိနဲ့နိုင်အောင် ကစားနိုင်တဲ့အထိ တိုးတက်လာတာကို တွေ့ရပါတယ်။ လက်ရှိ နယူးကာဆယ်အသင်းမှာ တိုက်စစ်မှူး ဆလီမန်နီ ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာပေမယ့် ကျန်အဓိက ကစားသမားအများဆု ပါဝင်ကစားနိုင်မှာ ဖြစ်တဲ့အတွက် ဘုန်းမောက်ကို သူတင် ကိုယ်တင် ယှဉ်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီနှစ်သင်း နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ငါးပွဲမှာတော့ ဘုန်းမောက်က နှစ်ပွဲနိုင်၊ နယူးကာဆယ်က တပွဲနိုင်ပြီး နှစ်ပွဲ သရေကျထားပါတယ်။ အခုရာသီ ဒီနှစ်သင်း နယူးကာဆယ်ကွင်းမှာ တွေ့ဆုံခဲ့စဉ်ကတော့ ဘုန်းမောက်ကပဲ တဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတာပါ။ အခုအကြိမ် တွေ့ဆုံမှုမှာတော့ နှစ်သင်းစလုံး သူတင်ကိုယ်တင် ကစားပြီး သရေလည်း ကျသွားနိုင်သလို အိမ်ရှင်အားသာချက်ရှိတဲ့ ဘုန်းမောက်ပဲ ကပ်ပြီး အနိုင်ရသွားနိုင်ချေလည်း ရှိနေပါတယ်။ ဘရိုက်တန်-ဆွမ်ဆီး အမှတ်ပေးဇယား အောက်ခြေမှာ ရုန်းကန်နေရတဲ့ ဒီအသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေဟာ ထိပ်သီးအသင်းတွေရဲ့ ပွဲစဉ်တွေသာမက အောက်ခြေအသင်း အချင်းချင်း တွေ့ဆုံတဲ့ ပွဲစဉ်တွေမှာလည်း သူတင်ကိုယ်တင် အနိုင်မခံ အရှုံးမပေး ကစားတတ်တဲ့အတွက် ပရိသတ်တွေ အကြိုက်တွေ့ကြတာပဲ ဖြစ်ပါတယ်။ ဘရိုက်တန်ဟာ လက်ရှိ အမှတ်ပေးဇယားမှာ ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၁၄ မှာရှိနေပြီး ဆွမ်ဆီးကတော့ ၂၇ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေတာပါ။ ဘရိုက်တန်ဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ ဆောက်တမ်တန်နဲ့ တဂိုးစီသရေ၊ ဝက်စ်ဟမ်းကို သုံးဂိုး တဂိုးနဲ့ နိုင်ပြီး စတုတ်ကို အဝေးကွင်းမှာ တဂိုးစီ သရေရလဒ် ရထားတဲ့အတွက် ရလဒ်ပိုင်း မဆိုးလှဘူးလို့ ဆိုရမှာပါ။ ဒါ့အပြင် ဘရိုက်တန်ဟာ အိမ်ကွင်းကစားအားလည်း ကောင်းမွန်လှပြီး အိမ်ကွင်းပွဲစဉ်တွေမှာ အမှတ်ပြည့်ရအောင် စွမ်းဆောင်တတ်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းအောင် ကြိုးစားကစားနေပြီး နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် သုံးပွဲမှာ အာဆင်နယ်လို အသင်းကို သုံးဂိုး တဂိုးနဲ့နိုင်၊ လက်စတာနဲ့ တဂိုးစီသရေ၊ ဘန်လေကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် ဆွမ်ဆွီးအသင်းဟာ ဒဏ်ရာရ ကစားသမား များပြားနေပြီး အားထားရတဲ့ တိုက်စစ်မှူး ဘိုနီ၊ ရီနာတိုဆန်းချက်တို့ ပါဝင်နိုင်မှာ မဟုတ်သလို မော်ဆင်၊ ဘရစ်တွန်တို့လည်း ဒဏ်ရာရထားတဲ့အတွက် ပါဝင်ကစားဖို့ မသေချာဘဲ ဖြစ်နေတာပါ။ ဒီအသင်းနှစ်သင်း နောက်ဆုံးငါးကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဆွမ်ဆီးက သုံးပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံးရလဒ်နဲ့ အသာစီးရထားပါတယ်။ အခုရာသီ ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဆွမ်ဆီးကွင်းမှာ ဘရိုက်တန်က တဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ နှစ်သင်းစလုံး တန်းဆင်းဇုန်ဖိအား ရှိနေတဲ့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပိုင်းပိုကောင်းလာတဲ့ ဆွမ်ဆီးအသင်း ပထမအကျော့က ရှုံးကြွေးကို ဆပ်သွားနိုင်လိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဘန်လေ-ဆောက်သမ်တန် ဘန်လေဟာ ပရီးမီးယားလိဂ်ရာသီ အစပိုင်းက ခြေစွမ်းကောင်းမွန်ပြီး ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့သလို တော့တင်ဟမ်ဟော့စပါး၊ လီဗာပူးတို့ကိုတောင် သရေကျအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာတော့ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး သရေပွဲနဲ့ ရှုံးပွဲတွေပဲ တွေ့နေတာပါ။ လက်ရှိ အမှတ်ပေးဇယားမှာ ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေတဲ့ ဘန်လေအသင်းဟာ တန်းဆင်းဇုန်က ဆောက်သမ်တန်ကို ဖိအားပေးပြီး နိုင်ပွဲပြန်ရှာလိမ့်မယ်လို့ ယူဆစရာ ရှိပေမယ့် ဘန်လေတိုက်စစ်ဟာ ပွဲတိုင်းမှာ ဂိုးရဖို့ ရုန်းကန်ရလေ့ရှိပြီး လက်ရှိ အမှတ်ပေးပွဲ ၂၇ ပွဲအပြီးမှာလည်း သွင်းဂိုး ၂၁ ဂိုးပဲရှိတဲ့အတွက် အခုပွဲမှာလည်း ဂိုးရဖို့ ရုန်းကန်ရနိုင်ပါတယ်။ ဘန်လေနဲ့ ယှဉ်ပြိုင်ရမယ့် ဆောက်သမ်တန်ဟာ လက်ရှိ အမှတ်ပေးဇယားမှာ ရမှတ် ၂၆ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေတဲ့အတွက် ဖိအားတွေဝင်နေတဲ့ အသင်းတသင်းလည်း ဖြစ်ပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာတော့ ဆောက်သမ်တန်ဟာ အိမ်ကွင်းမှာ ဘရိုက်တန်နဲ့ တဂိုးစီသရေ၊ ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ သုံးဂိုး နှစ်ဂိုးနဲ့ နိုင်ပြီး လီဗာပူးကိုတော့ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးခဲ့ပါတယ်။ လက်ရှိ ဆောက်သမ်တန်ကို ကိုင်တွယ်နေတဲ့ နည်းပြ ပယ်လီဂရီနိုဟာ အတွေ့အကြုံရှိ နည်းပြတဦးဖြစ်ပြီး မထင်မှတ်တဲ့ရလဒ်တွေရအောင် စွမ်းဆောင်နိုင်သူဖြစ်တာမို့ အခုပွဲစဉ်မှာလည်း တန်းဆင်းဇုန် ဖိအားနဲ့ ဘန်လေကို အကောင်းဆုံး တုံ့ပြန်ကစားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ဆောက်သမ်တန်ကွင်းမှာ ဘန်လေက တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အခု ဒုတိယအကျော့မှာ အကောင်းဆုံး ရုန်းကန်ကြိုးစားလာမယ့် ဆောက်သမ်တန်ကြောင့် ဘန်လေ အခက်တွေ့နိုင်တယ်လို့ သုံးသပ်မိပါတယ်။ လီဗာပူး-ဝက်စ်ဟမ်း စနေည ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ ဟန်ချက်ညီနေတဲ့ အသင်းဖြစ်ပြီး ပွဲစဉ်တိုင်းကို ဂရုတစိုက်နဲ့ အကောင်းဆုံး ယှဉ်ပြိုင်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။ အခုရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အလှမ်းဝေးခဲ့ပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ထိပ်ဆုံးလေးသင်းထဲဝင်ရေး ပစ်မှတ်ထား ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာလည်း လီဗာပူးဟာ ရမှတ် ၅၄ မှတ်နဲ့ အဆင့်သုံးမှာ ရပ်တည်နေပေမယ့် အဆင့်လေးက ချဲလ်ဆီးနဲ့ တမှတ်ပဲ ကွာဟတာမို့ အခုလိုပွဲမျိုးမှာ အမှားအယွင်းမခံဘဲ အမှတ်ရအောင် ကြိုးစားမှာကတော့ သေချာပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းဟာ အခုရာသီမှာ မန်စီးတီးနဲ့အတူတူ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းဟာ အဓိက ကစားသမားတွေ ဒဏ်ရာရ၊ ပွဲပယ်ပြစ်ဒဏ်တွေ မရှိသလို ဆာလက်၊ ဖာမီနို၊ မာနေးတို့ တိုက်စစ်ကလည်း အစွမ်းထက်ပြီး ဂိုးရလွယ်နေတာ တွေ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ နည်းပြ မိုယက်စ်ကိုင်တွယ်ပြီးနောက် အနည်းငယ် တိုးတက်လာတယ်လို့ ဆိုရမှာဖြစ်ပေမယ့် တချို့ပွဲစဉ်တွေမှာတော့ ခြေချော်လက်ချော် ဖြစ်နေတာ တွေ့နေရပါသေးတယ်။ လက်ရှိ အမှတ်ပေးဇယားမှာလည်း ရမှတ် ၃၀ နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပေမယ့် ရာသီသိမ်းဖို့ ၁၁ ပွဲကျန်သေးတဲ့အချိန်မှာ တန်းဆင်းဇုန်နဲ့ လွတ်ကင်းသွားပြီလို့တော့ ပြောလို့မရသေးပါဘူး။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ ဝက်စ်ဟမ်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ တဂိုးစီသရေ၊ ဘရိုက်တန်ကို သုံးဂိုး တဂိုးနဲ့ရှုံးပြီး ဝတ်ဖို့ဒ်ကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီသုံးပွဲမှာ တိုက်စစ်မှူး ဟာနန်ဒက်ဇ်က နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့အတွက်တော့ ဝက်စ်ဟမ်းအသင်း အားတက်စရာရှိပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အကောင်းဆုံးပုံစံမှာရှိနေတဲ့ လီဗာပူးကို ဝက်စ်ဟမ်း ယှဉ်နိုင်ဖွယ်မရှိဘဲ ပထမအကျော့က လေးဂိုးတဂိုးနဲ့ ဝက်စ်ဟမ်း ရှုံးနိမ့်ထားသလို အခု ဒုတိယအကျော့မှာလည်း လီဗာပူးပဲ တိုက်စစ်ဆင်ကစားပြီး လိုသလောက်ဂိုးတွေ သွင်းယူသွားနိုင်မှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဝက်စ်ဘရွန်း-ဟတ်ဒါဖီးလ်ဒ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရောက်နေတဲ့ ဝက်စ်ဘရွန်းအတွက်တော့ ပွဲစဉ်တိုင်းဟာ အရေးကြီးလှပါတယ်။ ဟတ်ဒါဖီးလ်ဒ်ကလည်း တန်းဆင်းဇုန်အထက် ကပ်လျက် အဆင့် ၁၇ မှာပဲ ရပ်တည်နေတာမို့ အောက်အသင်းနှစ်သင်းရဲ့ ရုန်းကန်မှုကို မြင်တွေ့ရမှာပါ။ ဝက်စ်ဘရွန်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး မန်စီးတီးကို သုံးဂိုးပြတ်၊ ဆောက်သမ်တန်ကို သုံးဂိုး နှစ်ဂိုး၊ ချဲလ်ဆီးကို သုံးဂိုးပြတ် ရလဒ်တွေ ထွက်ခဲ့တာပါ။ အဲဒီသုံးပွဲမှာ ကိုးဂိုးအထိ ပေးခဲ့ရတဲ့အတွက်လည်း ဝက်စ်ဘရွန်း နောက်တန်းခံစစ်ပိုင်း အားနည်းမှုကို ပြသနေတာပါ။ ဟတ်ဒါဖီးလ်ဒ်အသင်းကလည်း ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ လီဗာပူးကို သုံးဂိုးပြတ်၊ မန်ယူကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာတော့ ဘုန်းမောက်ကို အိမ်ကွင်းမှာ လေးဂိုး တဂိုးနဲ့ အနိုင်ရထားပါတယ်။ ဒါပေမယ့် ဟတ်ဒါဖီးလ်ဒ်ဟာ အဝေးကွင်းမှာ ကစားရင် ရုန်းကန်ရလေ့ရှိပြီး အဝေးကွင်း ၁၃ ပွဲမှာ နှစ်ပွဲပဲနိုင်ပြီး နှစ်ပွဲသရေ၊ ကိုးပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ဝက်စ်ဘရွန်းကတော့ အိမ်ကွင်း ၁၃ ပွဲမှာ နှစ်ပွဲနိုင်၊ ခုနှစ်ပွဲသရေ၊ လေးပွဲရှုံးရလဒ် ရယူထားနိုင်တဲ့အတွက် အိမ်ကွင်းဆိုရင် ဝက်စ်ဘရွန်းတို့ အကောင်းဆုံး တုံ့ပြန် ကစားတတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ဟတ်ဒါဖီးလ်ဒ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်က အိမ်ရှင်အသင်း တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အခုတကြိမ် ဝက်စ်ဘရွန်းကွင်းမှာတော့ ဟတ်ဒါဖီးလ်ဒ် အသာရဖို့ မလွယ်ဘဲ အိမ်ရှင်အားသာချက်နဲ့ အကောင်းဆုံး ကြိုးစား ရုန်းကန်လာမယ့် ဝက်စ်ဘရွန်းအသင်းပဲ လိုအပ်တဲ့ အနိုင်ဂိုးတွေ သွင်းပြီး အောင်ပွဲခံလိမ့်မယ်လို့ ယူဆမိပါတယ်။ ဝတ်ဖို့ဒ်-အဲဗာတန် ပရီးမီးယားလိဂ် စနေည နောက်ဆုံးပွဲစဉ်အဖြစ် ဝတ်ဖို့ဒ်နဲ့ အဲဗာတန်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဝတ်ဖို့ဒ်ဟာ နောက်ပိုင်း အိမ်ကွင်းကစားပုံ ကောင်းမွန်လာပြီး ချဲလ်ဆီးကို လေးဂိုး တဂိုးနဲ့ အနိုင်ရတဲ့အထိ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဝတ်ဖို့ဒ်ဟာ အများအားဖြင့် ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လေ့ရှိပြီး ရှေ့တန်းက ဒီနေး၊ ဒယ်လိုဖူ၊ ရစ်ချာလီဆန် တိုက်စစ်အတွဲနဲ့ ကွင်းလယ်က ကပူး၊ ဂျန်မတ်၊ ကလီဗာလေတို့ အတွဲအဖက်မိမိ ကစားနိုင်ရင် ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်စွမ်းရှိတာ တွေ့ရပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာ ဝတ်ဖို့ဒ်ဟာ အလယ်အလတ် အဆင့် ၁၁ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အန္တရာယ်ကလည်း ကင်းလွတ်နေတာမို့ ဖိအားကင်းကင်းနဲ့ ကစားနိုင်မယ်လို့ ခန့်မှန်းမိပါတယ်။ ဝတ်ဖို့ဒ်နဲ့ယှဉ်ပြိုင်မယ့် အဲဗာတန်အသင်းကလည်း စာရွက်ပေါ်က လူစာရင်းအရ ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်။ ဒါပေမယ့် အဲဗာတန်ဟာ အခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အဝေးကွင်းစွမ်းဆောင်ရည် ညံ့ဖျင်းလှပြီး အဝေးကွင်း ၁၃ ပွဲမှာ နိုင်ပွဲ တပွဲပဲ ရထားပြီး ငါးပွဲသရေ၊ ခုနှစ်ပွဲ ရှုံးနိမ့်ထားပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ အဲဗာတန်ဟာ အဝေးကွင်းရလဒ်ဆိုး ချေဖျက်ဖို့ ကြိုးစားကစားဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလက ဝေါလ်ကော့၊ မန်ဂါလာတို့ အဲဗာတန်ကို ရောက်လာတဲ့အတွက်လည်း အသင်းလူစာရင်း ပိုတောင့်တင်းလာပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ အာဆင်နယ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် လက်စတာကို နှစ်ဂိုး တဂိုး၊ ခရစ္စတယ်ပဲလေ့စ်ကို သုံးဂိုး တဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်း ပထမအကျော့ အဲဗာတန်ကွင်းမှာ တွေ့ဆုံခဲ့တုန်းက အဲဗာတန်က သုံးဂိုး နှစ်ဂိုးနဲ့ အနိုင်ရခဲ့သလို အခု ဒုတိယအကျော့မှာလည်း နှစ်သင်း အပြန်အလှန် တိုက်စစ်ဆင် ကစားရင်း အနိုင်ရမယ့်အသင်းဆိုရင်တော့ အဝေးကွင်းရလဒ်ဆိုး ချေဖျက်မယ့် အဲဗာတန်ကိုပဲ ထင်မြင်ယူဆမိပါတယ်။

A d v e r t i s e m e n t With Us

More News
Up