Home
ဆောင်းပါး
လူမှုကွန်ရက်လောကမှာ ဘာတွေ ဖြစ်နေလဲ
သန်းဝင်းထွဋ်
·
February 24, 2018
ညပွဲဈေးနဲ့ နံရံကပ်ပြပွဲ လူတွေက ပွဲကြိုက်တယ်။ လူစည်ကားရာကို လူများများ လာတယ်။ တယောက်ကို တယောက် တိုးဝှေ့ကြတယ်။ ငေးမောကြတယ်။ လူစည်ကားရင် ပွဲဦးထွက်ရန် ခုနစ်သံချီချင်ချင် ပွဲကြိုက်ခင်တွေ ရှိတယ်။ ကြည့်ချင်ပွဲတွေ ရှိတယ်။ လူစည်ကားရာမှာ ဈေးရောင်းစားရတဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေ ရှိတယ်။ ဈေးရောင်းကြတယ်။ ဆိုင်းဘုတ်တွေ ထောင်ကြတယ်။ တခါတလေမှ ရှိလာတတ်တဲ့ ဘုရားပွဲဈေး၊ ညပွဲဈေး၊ မီးထွန်းပွဲဈေး၊ ဘာညာ အထိမ်းအမှတ်ပွဲဈေး ဆိုတာတွေထက် ခုခေတ်မှာတော့ အပတ်စဉ် ညပွဲဈေးတွေ၊ နေ့စဉ် ညပွဲဈေးတွေ ဖြစ်လာတယ်။ ဆိုင်းဘုတ်တွေ ထောင်ကြတယ်။ လူစည်ကားလာပြီဆို ကိုယ့်ခြံရှေ့က နံရံမှာ ကိုယ်ရေးချင်ရာရေးပြီး လူတွေသိအောင် ချပြလာကြတယ်။ ဟိုတုန်းကဆို ကြွက်ရောင်းရန် ရှိသည်။ သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ။ အလိုက်သိပါ အားနာပါ ဆိုတာမျိုးတွေ မြေဖြူခဲနဲ့ ရေးကြ၊ မီးသွေးခဲနဲ့ ရေးကြ ရှိကြတယ် မဟုတ်လား။ ခုခေတ်တော့ Facebook မှာ Personal Wall မှာ ကိုယ် ဘာစားတယ်။ ဘယ်သွားတယ်။ ဘယ်သူနဲ့ တွေ့တယ်။ ဘယ်ခရီးမှာ ဘယ်မှာတော့ ဘယ်လိုလေးဆိုတာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ အတွေးအမြင်တွေ ရေးကြတယ်။ တင်ပြတယ်။ တချို့လည်း ကြေကွဲ၊ တချို့လည်း ပေါက်ကွဲ။ တချို့လည်း ကြော်ငြာထိုးကြ၊ ဇာတ်ထိုးကြ။ အီစီကလီကြ။ မြှူဆွယ်ကြ။ ဖြားယောင်းကြ။ အဆဲတောင်းကြ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း လူမှုကွန်ရက် ချိတ်ဆက်မှုတွေက တောင်ပြိုကမ်းပြို ပျံ့နှံ့လာခဲ့ပါတယ်။ ကမ္ဘာတခွင် နယ်စည်းမခြား မိတ်ဆွေသစ်တွေ ပွားကြတယ်။ ကွဲကွာနေတဲ့ သူငယ်ချင်းအဟောင်းတွေ အဆက်အသွယ်ပြတ်ကြတယ်။ တအိပ်ရာထဲမှာ၊ တမိုးတည်းအောက်မှာတောင် ဝေးကွာနေလေ့ရှိတဲ့ ခေတ်သစ်ကမ္ဘာရဲ့ လူအုပ်ထဲမှာ အထီးကျန်ဆန်ခြင်း ဝေဒနာကို ကုစားနိုင်ခဲ့ကြတယ်။ မြန်မာပြည်မှာလည်း ဖေ့စ်ဘုတ်ခ်မှ ဖေ့စ်ဘုတ်ခ် ဖြစ်လာကြတယ်။ အကောင့် မလုပ်တတ်ရင်လည်း ကိစ္စမရှိ။ လမ်းပေါ်မှာ ဆိုင်တွေမှာ Facebook အကောင့်လုပ်ပေးသည်။ ၅ ထောင်ကျပ်ဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့ရနိုင်တယ်။ လူတယောက် Facebook အကောင့် ၂ ခု၊ ၃ ခု ရှိနေကြတာ မဆန်းသလို ဖြစ်လာတယ်။ နာမည်အတု အကောင့်အတုလည်း ပလူပျံလာတယ်။ ကလေးငယ်ငယ် အသက် ၁၃ နှစ်မပြည့်လည်း အကောင့်အတုတွေ နာမည်အတုတွေ သုံးနေကြတယ်။ အိပ်ရာထရင်လည်း facebook၊ အိပ်ယာဝင် မျက်လုံးမမှိတ်ခင် နောက်ဆုံးကြည့်ဖြစ်တာလည်း facebook နီကိုတင်းကို စွဲလမ်းသလို မသုံးရ မနေနိုင်အောင်လည်း စွဲလမ်းတတ်တယ်။ Faceookhitis ဖေ့စ်ဘုတ်ရောဂါ ရလာကြတယ်။   Facebook လောကကြီး ဘာဖြစ်နေလဲ။ ကမ္ဘာ့လူဦးရေ သန်းပေါင်း ခုနစ်ထောင့်ငါးရာလောက်ရဲ့ ၃ ပုံ ၁ ပုံ။ လူ ၃ ယောက်မှာ တယောက် ဆိုပါစို့။ မြန်မာပြည်အတွက် ပြောရရင်တော့ လူဦးရေ သန်းပေါင်း ၅၀ ရဲ့ ၃ ပုံ ၁ ပုံနီးပါး ဖြစ်တဲ့ ၁၄ သန်းလောက် လူမှုကွန်ရက် သုံးနေကြတယ်လို့ Facebook က မှတ်တမ်းတင်ထားတယ်။ လူမှုကွန်ရက် သုံးနေသူ အင်တာနက် အသုံးပြုနေသူ အများစု (အားလုံးနီးပါးလို့တောင် ဆိုနိုင်) လက်ကိုင်ဖုန်း၊ တက်ဘလက်တွေနဲ့ သုံးလာကြတယ်။ DVB Multimedia Group ဝက်ဘ်ဆိုက် Burmese.dvb.no မှာ ၉၀ ရာခိုင်နှုန်း မကတဲ့သူတွေဟာ မိုဘိုင်လ်းဖုန်းသမားတွေ ဖြစ်နေကြတယ်။ လူမှုကွန်ရက် အသုံးပြုနေသူတွေထဲမှာတောင်မှာ လူမှုကွန်ရက်မှာ အချိန်နဲ့ တပြေးညီ ဆက်သွယ်နေတဲ့  instant message/ social messaging အသုံးပြုမှုက ပိုသာ လွှမ်းမိုးလာတယ်။ ရှေ့ နောက် တောင် မြောက် မိုင်ပေါင်းများစွာ ကမ္ဘာခြားနေရင်တောင် တယောက်နဲ့ တယောက် ဝေါ့ကီတော့ကီနဲ့ ပြောနေသလို ဗီဒွီယိုကောလ်တွေ သုံးပြီး စကားပြောကြ၊ တိုင်ပင်ကြ ဆွေးနွေးကြတယ်။ Social Messaging တွေက အသေးစား၊ အလတ်စားလုပ်ငန်းတွေရော စီးပွားကူးသန်း ရောင်းဝယ်လောကကို အကြီးအကျယ် ကူညီထောက်ပံ့နိုင်ခဲ့တယ်။ အလိုအလျောက် တုံ့ပြန်စကားပြော ဖြေကြားပေးနိုင်တဲ့ Answering Machine ဆန်ဆန် Chatbots စက်ရုပ်စကားတွေ သိသိသာသာ တိုးလာတယ်။ မြန်မာပြည်တွင်း အွန်လိုင်း ဈေးရောင်း ဈေးဝယ် စာမျက်နှာတွေမှာပင်လျှင် တခုခု မေးမြန်းလိုက်ရင် ‘ကျေးဇူးတင်ပါတယ်ရှင့်၊ မိနစ်ပိုင်းအတွင်း ဒီမေးခွန်းကို ဖြေကြားပေးပါမယ်၊ စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်’ ဘလားဘလားတွေကို  ချက်ချင်း ဖြေကြားလာတာ တွေ့တွေ့နေရပါမယ်။ အသေးစား၊ အလတ်စား startup လေးတွေသာမက နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေကအစ လူမှုကွန်ရက်ရှိရာ ပြေးလာနေကြရတယ်။ မျက်နှာလွှဲထားလို့ မရတော့။ တောင်ကြီးက စွပ်ပရားဆီ မလာဘူး။ စွပ်ပရားသာ တောင်ကြီးရှိရာ အူယားဖားယား ပြေးလာရတာပဲ။ Organic လို့ခေါ်တဲ့ ပိုက်ဆံမပေးရတဲ့ ဆေးမထိုးရဘဲ လူသိများစေတဲ့ တင်ပြပုံတွေ Website တွေဆီ တွန်းပို့ပေးနိုင်တဲ့ အွန်လိုင်းပရိသတ် referal traffic ဆိုတာလည်း အလကား မတ်တင်း မရတော့ဘူး။ Facebook ကတဆင့် ကိုယ့်ဝက်ဘ်ဆိုက် စာမျက်နှာကို ရောက်လာတဲ့ ဧည့်သည်လည်ပတ်နှုန်းက တရှိန်ထိုး ကျဆင်းလာနေတာ ဟိုမှာ ဒီမှာ မြင်ရ ကြားရမယ်။ Video Matter? စာသားတွေ ရှည်လျားထွေပြား လေများနေတာတွေ လူတွေက သိပ်မဖတ်ချင်ကြတော့ဘူး။ ပုံရိပ်တွေက စကားပြောလာတယ်။ ဗွီဒီယိုတွေက ဆွဲဆောင်မှု ပိုရှိလာကြတယ်။ UGC လို့ ခေါ်တဲ့ လူအုပ်ကြီးက ဝိုင်းဝန်းတင်ပြပို့စ်တွေဟာ လူပြောသူပြော စကားသံတွေ လူအုပ်ကြီးရဲ့ ဆွေးနွေးခန်း၊ ငြင်းခုံခန်းတွေ ပိုများလာစေတယ်။ စီးပွားရေးကုမ္ပဏီတွေဟာလည်း သန်းနဲ့ချီတဲ့ ရုပ်သံကြော်ငြာတွေအစား လူမှုကွန်ရက်ကနေ ပရိသတ်ဆီရောက်ဖို့ ကုန်ပစ္စည်းသစ် ကြော်ငြာဖို့ ဈေးသက်သာတဲ့ လူမှုကွန်ရက်တွေဘက် ဦးစားပေး ငွေသုံးစွဲလာကြတယ်။ စီးပွားရေးလောကသာမက Activists တွေ တက်ကြွလှုပ်ရှားသူတွေသာမက နိုင်ငံရေးအလွှာမှာ လူထုဆက်ဆံရေးသမားတွေဟာလည်း ပုံမှန်မီဒီယာ ပလက်ဖောင်းတွေကို အားမကိုးတော့ဘဲ လူထုအများ သိစေ၊ ပါဝင်စေချင်တဲ့ သတင်းစကားတွေ ဖြန့်ချိရာမှာ လူမှုကွန်ရက်တွေကို အဓိကထား သုံးစွဲလာကြတယ်။ ဘာဆက်လုပ်ကြမလဲ။ Facebook ရဲ့ မူဝါဒ အပြောင်းအလဲမှာ ကိုယ် တင်ပြသမျှ ပေါပေါလောလော မဖြစ်ဖို့ လိုအပ်လာတယ်။ အရေအတွက်မှ အရည်အသွေး ဆိုတာ ဖြစ်လာမယ်။ ထိမိတဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးတွေပဲ တင်ပြဖို့။ မကြာခဏ တင်ပြနေတာထက် တခါတလေမှ ထိမိလှပ တင်ပြဖို့ စဉ်းစား။ ကိုယ့်ပရိသတ်တွေကြား အပြန်အလှန် အကျိုးဖြစ်စေမယ့် ဆွေးနွေးဖလှယ်စရာ တိုးပွားစေမယ့် အကြောင်းအရာတွေ ဦးစားပေးရဖို့ ဖြစ်လာတော့မယ်။ ကိုယ့်လူတွေ ရှိနေတုန်း တင်ပြဖို့လည်း တချို့က အကြံပြုကြတယ်။ ဖေ့စ်ဘုတ်ခ်မှ ကြည့်လို့ရတဲ့ ကိန်းဂဏန်း Insight Data တွေအရ ကိုယ့်ပရိသတ်တွေ ကိုယ့်လူတွေ ဘယ်အချိန် ဘယ်နှနာရီမှာ ပိုပြီး အွန်လိုင်းရှိနေကြလဲ။ ကိုယ့်တင်ပြချက် တခုခုဟာ လူတွေ ဘယ်လောက်များများ ဝင်ရောက် ဆွေးနွေးကြသလဲ။ စုစုပေါင်း အရေအတွက်သာမကဘူး၊ ဘယ်လောက် အချိန်တိုတွင်း လူတွေ ဘယ်လောက် ဝင်ရောက်ဆွေးနွေးကြတယ် ဆိုတာလည်း အရေးကြီးလာပါလိမ့်မယ်။ ကိုယ့်တင်ပြချက် post နဲ့ ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးဖို့ ဖြေကြားတုံ့ပြန်ပေးဖို့ အဆင်သင့်ရှိနေဖို့ လိုမယ်။ Trending Topic ကြည့်ဖို့ လိုတယ်။ ခုလတ်တလော ဘာဖြစ်နေလဲ ဘာခေတ်စားနေလဲ။ ခုတလော ဘာဖြစ်နေလဲ၊ ခုတလော လူပြောသူပြော များနေတာ ဘာလဲ ဆိုတာလည်း အရေးကြီးလာမယ်။ လူတွေ ပြောလက်စ ခေါင်းစဉ် အကြောင်းအရာတခုခု ဝင်ရောက်ဆွေးနွေးတာက လူတွေ လာဆွေးနွေးကြဖို့ ခေါင်းစဉ်အသစ်တခု တင်ပြတာထက် ပိုလွယ်ပါတယ်။ ဘယ်ချိန်မဆို လူစိတ်ဝင်စားလောက်တာတွေ Evergreen အကြောင်းတွေ တင်ပြလည်း ရတယ်။ ဒါပေမယ့် လူတွေ စိတ်ဝင်စားနေတဲ့ နောက်ဆုံးပေါ် Trending ဘာလဲဆိုတာ ကြည့်နေဖို့။ Video content အရေးကြီးနေဦးမယ်။ လူတွေက ဗွီဒီယိုတွေ တင်ပြချက်တွေကို ပိုပြီးတုံ့ပြန် စကားပြောကြတယ်။ Live Streaming တိုက်ရိုက်လွှင့်တာ ပိုကြိုက်ကြတယ်။ တိုက်ရိုက်လွှင့်တဲ့ ဗွီဒီယိုဖိုင်လ်တခုက ပုံမှန်ဗွီဒီယိုဖိုင်လ်တခုထက် ၆ ဆပိုပြီး တုံ့ပြန် ဆွေးနွေးကြတယ်လို့ အဆိုရှိတယ်။ ပထမဆုံး ၃စက္ကန့်ကို သတိထား။ မိုဘိုင်းလ်ဖုန်းအတွက် ရည်ရွယ်တယ်ဆိုရင် လေးထောင့်ဗွီဒီယိုတွေ  Vertical Video တွေလည်း စဉ်းစားသင့် စဉ်းစားဖို့ လိုအပ်လာမယ်။ ကိုယ့်ပရိသတ်အများစုက မိုဘိုင်းလ်ဖုန်း ဖြစ်နေရင် မိုဘိုင်းလ်ဖုန်းရဲ့ မူရင်းမြင်ကွင်း Portrait View ထောင်ကြည့်တဲ့ မြင်ကွင်းမှာ ကိုယ်တင်ပြတဲ့ ဗီဒီယို ပိုပြီး ကြီးကြီးကျယ်ကျယ် မြင်ရတာပေါ့။ Caption စာတန်းလေးတွေလည်း ပါမယ်ဆိုရင် ပရိသတ်ဟာ အသံဖွင့်ကြည့်ချင်စိတ် ဖြစ်လာနိုင်တာပေါ့။ Facebook ဆိုတာကြီးကိုက ရပ်ကွက်ထဲက အခမဲ့ နံရံစာစောင် မဟုတ်ဘူး။ သူကလည်း စီးပွားရေး လုပ်နေတာပဲ ဆိုတာကို လက်ခံရမှာပါပဲ။ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေဟာ အလကားနေရင်း လူထုပရိသတ်များစွာဆီကို အခမဲ့ ဖြန့်ချိပေးနေလိမ့်မယ်လို့ မျှော်လင့်လို့မရဘူး။ Facebook ကို ပိုက်ဆံမပေးဘဲနဲ့ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ တံဆိပ်တခုခု ဖြစ်လာမှာ မဟုတ်ဘူး။ ပိုက်ဆံနည်းနည်း အကုန်အကျခံပြီး Boost ကြော်ငြာရမယ်။ ကုန်ရကျိုးနပ်အောင်လည်း ကိုယ်ရည်ရွယ်တဲ့ ပရိသတ်က ဘယ်သူလဲ သေချာစဉ်းစားရတော့မယ်။ ပို့စ်တင်တဲ့ အရေအတွက်ထက် အရည်အသွေးကို စဉ်းစားရတော့မယ်။ ဘယ်လို ဗျူဟာ ရွေးချယ်မလဲ တွေးရတော့မယ်။ ကိုယ့်ပရိသတ်တွေက ဘာမြင်ချင်၊ ဘာဖတ်ချင်၊ ဘာစိတ်ဝင်စားမယ် ဆိုတာ နားလည်ဖို့ လိုအပ်လာတယ်။ လူမှုကွန်ရက် ဈေးကွက်ကျွမ်ကျင်သူ လောရင် ထရပ်ခ်ဆက်က ပြောပြပါတယ်။ အွန်လိုင်း ဈေးကွက်ရေးရာ ကျွမ်းကျင်သူ မာခ့်ရှက်ဖာ အကြံပေးတာက သိပ်အစိုးရိမ်မလွန်နဲ့။ ဖြေရှင်းလို့ ရနိုင်သေးတယ်။ ကျနော်တို့ သတိမထားမိလို့ ဖြစ်မယ်။ ဖေ့စ်ဘုတ်ခ်မှာ Organic Reach လို့ခေါ်တဲ့ ပိုက်ဆံမပေးရဘဲ လူထုပရိသတ်ဆီကို ရောက်ရှိမှုနှုန်းက ဆက်တိုက်ကျဆင်းလာခဲ့တာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကတည်းကပါ။ ကိုယ် တင်ပြတဲ့ Post တခုချင်းရဲ့ လူထုဆီ ရောက်ရှိမှု Reach နည်းလာနေတယ်ဆိုတာ စောင့်ကြည့်နေတဲ့သူတွေ သိပြီးသားဆိုတော့ အခုလာမယ့် Newsfeed အပြောင်းအလဲဟာလည်း အလွန်အမင်း ထူးခြား ဆိုးရွားသွားမယ်တော့ မဟုတ်ဘူး။ ပရိသတ် တောင့်နေပြီးသား မီဒီယာတွေ ကုမ္ပဏီတွေအတွက်ကတော့ အခြေအနေ ကောင်းနေနိုင်သေးတယ်။ အရင်ကလို ပရိသတ်နဲ့ အပြန်အလှန် တုံ့ပြန်ဆွးနွေး ဖြေကြားလေ့ ရှိတဲ့သူတွေအတွက်ကတော့ သိပ်မထောင်းတာဘူး။ သိပ်စိတ်ပူစရာ မရှိသေးဘူးလို့ ယူဆတယ်။ ကိုယ်က တင်ပြနေပေမယ့် ဘယ်သူ့ဆီမှ မရောက်ဘယ်သူမှ မမြင်ရင် ပလုံတာပဲ။ ပရိသတ် ဝင်ရောက်ဆွေးနွေး တုံ့ပြန်မှုမရှိတဲ့ ပို့စ်တွေက Facebook မှာ လူမသိသူမသိ ပျောက်သွားတော့ Reach ဘာမှမရှိတာ နကိုကတည်းကပဲ။ ဒါကြောင့် ခုမှဖြစ်တဲ့ ပြဿနာ မဟုတ်ဘူး။ Content ပဓာန ဆိုတာကတော့ အမြဲတမ်း အမှန်တရားပါပဲ။ ကိုယ်တင်ပြတဲ့ အကြောင်းအရာသာ အဓိကဆိုတာ မမေ့ဖို့ ဖေ့စ်ဘုတ်ခ်က သတိပေးနေတယ်ပဲ ဆိုပါတော့။ သန်းဝင်းထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024