Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင်း တောဆင်ရိုင်းဝင်ရောက်၊ ၂ ဦးသေ
DVB
·
February 23, 2018
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ ကောက်ဘဇားခရိုင်တွင်းမှ ရိုဟင်ဂျာဒုက္ခသည်စ ခန်းတခုအတွင်းကို တောဆင်ရိုင်းတကောင်ဝင်ရောက်ခဲ့လို့ ရိုဟင်ဂျာကလေးငယ်တဦး အပါအ၀င် ၂ ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကောက်ဘဇားခရိုင်အရှေ့တောင်ဘက် ရိုဟင်ဂျာဒုက္ခသည်တွေ ထောင်ချီနေထိုင်တဲ့ ကပ်ထူပလောင်ဒုက္ခသည်စခန်းတွင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညပိုင်းက ဖြစ်ခဲ့တာလို့ နယူးယောက်တိုင်းမ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခရိုင်သစ်တောဦးစီးဌာနမှ အကြီးအကဲတဦးဖြစ်တဲ့ အလီကာဘီယာက “တော ဆင်ရိုင်းဟာ ကလေးငယ်ကို နင်းသတ်ခဲ့ပြီး အနားက လိုက်မောင်းထုတ်ပေးတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးလည်း သေဆုံးသွားခဲ့တယ်”လို့ ပြောပါတယ်။ တောဆင်ရိုင်းဟာ ဒုက္ခသည်စခန်းထဲက တာပေါ်လင်စတွေ ၀ါးတွေနဲ့ ဆောက်ထားခဲ့တဲ့ တဲအိမ်တွေကိုလည်း နင်းချေဖျက်ဆီးခဲ့ကာ ခြောက်လှန့်မောင်းထုတ်ချိန်မှာ ထိခိုက်ဒဏ်ရာရရှိသူတွေ အနည်းဆုံး ၅ ဦးလောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး မိုဟာမက်ဒ် နီကရူဇာမန်ကတော့ ဒီတောဆင်ရိုင်းဟာ အုပ်စုကနေ ကွဲထွက်လာခဲ့ပုံပေါ်ပြီး ရိုဟင်ဂျာတဲအိမ် အလုံး ၁၀၀ လောက်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ပြောပါတယ်။ ကောက်ဘဇားဒေသဟာ တောဆင်ရိုင်းတွေ အကောင်ရေ ၁၀၀ ထက်မနည်း ကျင်လည်ကျက်စားရာ ဒေသထဲမှာ ပါဝင်ပြီး လူသားတွေနဲ့ သားရိုင်းတိရစ္ဆာန်တွေကြား မကြာခဏ ပဋိပက္ခဖြစ်ရာ နေရာတခုဖြစ်နေပါတယ်။ အခုလက်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို နေထိုင်ခွင့်ပေးထားတဲ့နေရာဟာ သစ် တောဧရိယာထဲမှာပါဝင်ပြီး သစ်ပင်တွေခုတ်ပြီး နေရာချဲ့ထွင်တာတွေ၊ ရှင်းလင်းတာတွေ လုပ်နေရပြီး မကြာခဏ တောဆင်ရိုင်းတွေ ရန်မူတာတွေလည်း ခံနေကြရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ဒီနေရာမှာ ရိုဟင်ဂျာဒုက္ခသည် ၄ ဦး တောဆင်ရိုင်းတိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ သူတို့အနေနဲ့ တခြားရွေးချယ်စရာလည်း မရှိတာမို့ ဒီနေရာတွေမှာသာ ဒုက္ခသည်တွေကို နေရာ ချထားရတာလို့ ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024