ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလီယံချေးငွေရယူရန် လွှတ်တော်အတည်ပြု
DVB
·
February 23, 2018
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားတဲ့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလီယံချေးယူဖို့ကိစ္စ ဖေဖော်ဝါရီ ၂၂ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
အဆိုပါချေးယူဖို့ကိစ္စနဲ့စပ်လျဉ်းပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လာရောက်ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူရာ ထောက်ခံမဲများတဲ့အတွက် လွှတ်တော်က အတည်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်းလုပ်ငန်းတွေအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၁၅ ဘီလီယံ ချေးယူဖို့ကိစ္စ၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အာဆီယံအခြေခံ အဆောက်အအုံရန်ပုံငွေတို့ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၆ဝ ချေးယူရန်ကိစ္စနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၈ဝ ချေးယူဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း သက်ဆိုင်ရာ ဒုဝန်ကြီးတွေက ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးယူမယ့် ဂျပန်ယန်း ၁၅ ဘီလီယံဟာ အိမ်ရာလိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းပေးနိုင်ပြီး ဝင်ငွေနည်း ပြည်သူတွေ အိမ်ရာပိုင်ဆိုင်ခွင့် ရရှိရေးကို အထောက်အကူပြုနိုင်မယ်လို့ လွှတ်တော်မှာ ပြောသွားပါတယ်။
အလားတူ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၆ဝ နဲ့လုပ်ဆောင်မယ့် မဟာမဲခေါင်ဒေသခွဲရှိ လမ်းမကြီးတွေဟာ မြန်မာနိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ အရေးပါလှတယ်၊ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းဟာ ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့ ရန်ကုန်မြို့တော်ရဲ့ သီလဝါအထူးစီးပွားရေးဇုန်ကတဆင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ မြို့တော် ပုသိမ်မြို့တို့ကို ဆက်သွယ်သွားလာနိုင်မယ်၊ မြန်မာနိုင်ငံအတွင်းရှိ တောင်-မြောက် စင်္ကြံလမ်းဟာ ရန်ကုန်-မန္တလေးကတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံကိုလည်း ဆက်သွယ်သွားလာနိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ချေးယူမယ့် အမေရိကန်ဒေါ်လာသန်း ၈ဝ ဟာလည်း မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံလမ်းတလျှောက်ရှိ မြန်မာ မြို့ကြီးတွေဖြစ်တဲ့ မော်လမြိုင်၊ ဘားအံနဲ့ မြဝတီမြို့တို့ရဲ့ လူမှုစီးပွားနဲ့ မြို့ပြအခြေခံအဆောက်အအုံကဏ္ဍအား တိုးတက်မြှင့်တင်စေမယ့် စီမံကိန်းဖြစ်လို့ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးနိုင်ရန်ဖို့ ရှင်းလင်းပြောသွားပါတယ်။
ဓာတ်ပုံ-လွှတ်တော်